Home
မြန်မာသတင်း
ပြည်ပရောက်လုပ်သားများ၏ မိသားစုထံလွှဲပို့ငွေကိစ္စ နေပြည်တော်တွင် စစ်ဆေးနေ
DVB
·
August 29, 2025

၂၀၂၄ ခုနှစ် စက်တင်ဘာကနေ ဒီဇင်ဘာလအထိ ပြည်ပနိုင်ငံတွေဆီ စေလွှတ်ခဲ့တဲ့ ပြည်ပအလုပ် အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေရဲ့ မိသားစုထံ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း လွှဲပို့တာ ရှိ၊ မရှိ အထောက်အထား တင်ပြတာကို နေပြည်တော်ရုံးချုပ်မှာ ဩဂုတ်လ ၂၅ ရက်က စလို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီ စုစုပေါင်း ၃၅၉ ခုကို နေ့စဉ် ၁၀ ခုနှုန်းနဲ့ အောက်တိုဘာ ၁၅ ရက်အထိ စစ်ဆေးသွားမှာ ဖြစ်ပြီး၊ အေဂျင်စီတွေ အနေနဲ့ မပျက်မကွက် တင်ပြကြဖို့နဲ့ လွှဲပို့ထားတဲ့ အထောက်အထားတွေ ပြသပေးဖို့လိုတယ်လို့ စစ်တပ် ဩဇာခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တင်ပြဖို့ ပျက်ကွက်တဲ့ အေဂျင်စီတွေကို ဒဏ်ကြေး ပေးဆောင်ခိုင်းတာ၊ Demand Letter အသစ် တင်ပြခွင့် ဆိုင်းငံ့တာတို့နဲ့ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီ တခုရဲ့ တာဝန်ရှိသူ တဦးက “သူတို့ တောင်းဆိုထားတဲ့အတိုင်း အေဂျင်စီတွေက ပြည်ပရောက်လုပ်သားတွေ မိသားစုထံ လွှဲငွေ ၂၅ ရာခိုင်နှုန်း ဘယ်နှယောက် လွှဲထားလဲ။ အနည်းဆုံးတော့ လွှဲပို့သူ ၅၀ ရာခိုင်နှုန်း ရှိရမယ်။ ဥပမာ- နိုင်ငံတနိုင်ငံကို ၉ ယောက် လွှတ်ရင် ၅ ယောက်အနည်းဆုံး လွှဲရမယ်။ ဂျပန်က အကုန်လွှဲတယ်။ ထိုင်းက အနည်းဆုံးတော့ ၅၁ ရာခိုင်နှုန်း လွှဲကြတယ်။ အေဂျင်စီတိုင်း အကုန်ရအောင် လုပ်ကြရတယ်။ အဲ့လို တာဝန်မယူပေးနိုင်ဘူးဆိုရင် လုပ်ငန်းစဉ်တွေ ဆက်လုပ်ခွင့်မပေးဘဲ ရပ်ထားတာပေါ့။ အဲ့သဘောပဲ” လို့ DVB ကို ပြောပါတယ်။

လက်ရှိမှာတော့ ပြည်ပအလုပ်အကိုင် အေဂျင်စီအသစ်တွေအတွက် လုပ်ငန်းလိုင်စင် ချပေးတာ နည်းပါးသလို အသစ်လျှောက်တာလည်း မရှိသလောက် နည်းပါးပြီး၊ ဝန်ကြီးဌာနက တင်းတင်းကျပ်ကျပ် စိစစ်ပြီးမှ အနည်းငယ်သာ ချပေးတယ်လို့ အဲဒီ လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီ တာဝန်ရှိသူက “စိစစ်ပြီးတော့ ချပေးတယ်။ အရင်လိုတော့ လျှောက်သမျှကို မချပေးတော့ဘူး။ နည်းနည်းတော့ ပိုတင်းကျပ်လာတာပေါ့” လို့ ပြောပါတယ်။

စစ်မှုထမ်းဥပဒေအရ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပအလုပ်အကိုင် စေလွှတ်တာ ထိန်းချုပ် ကန့်သတ်ထားပြီး၊ အမျိုးသမီးတွေကိုတော့ ကန့်သတ်ထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ပြည်ပရောက် မြန်မာလုပ်သားတွေဟာ မိသားစုထံ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း မဖြစ်မနေ လွှဲဖို့ ပြည်ပ မသွားခင်ကတည်းက ခံဝန်ကတိ စာချုပ်ချုပ်ပြီး၊ ပုံမှန် မလွှဲဘူးဆိုရင် ပတ်စ်ပို့ သက်တမ်းတိုးတာနဲ့ ဗီဇာသက်တမ်း တိုးတဲ့အခါ အခက်အခဲ ရှိတယ်လို့ ဂျပန်မှာ အလုပ် လုပ်ကိုင်နေသူက ပြောပါတယ်။

“ညီမတို့ ဂျပန်မှာ အလုပ်လုပ်တာက အိမ်ကို လစာရဲ့ ၂၅ ရာခိုင်နှုန်း ပို့ပါမယ်လို့ မဖြစ်မနေ လွှဲပါမယ်ဆိုပြီး အေဂျင်စီနဲ့ ခံဝန် ကတိစာချုပ် ထိုးခဲ့ရတယ်။ SPI ကနေ တဆင့် မြန်မာနိုင်ငံကို မိဘဆီကို ၂၅ ရာခိုင်နှုန်း လွှဲပါမယ်လို့ လက်မှတ်ထိုးခဲ့ရတယ်။ အဲ့ကနေ လွှဲရင် အခွန် တခါတည်း ဖြတ်တယ်။ ပြင်ပ ပေါက်ဈေးထက် ဈေးနည်းတယ်ပေါ့နော်။ လတိုင်း ပုံမှန်လွှဲရတာ။ အကယ်လို့ ပုံမှန် မလွှဲရင် ပတ်စ်ပို့ သက်တမ်းတိုးတာ၊ ဗီဇာသက်တမ်းတိုးတဲ့အခါ အခက်အခဲ ရှိတယ် ပြောတယ်။ ယန်း ၂၀၀၀ လောက် လွှဲခ ပေးရတယ်။”

စစ်တပ် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ် အေဂျင်စီတွေအနေနဲ့ အေဂျင်စီတခုချင်းအလိုက် တလကို ထိုင်းနိုင်ငံအတွက် အယောက် ၅၀၊ မလေးရှားကို အယောက် ၂၀၊ ဂျပန် ၁၅ ယောက်၊ စင်ကာပူအတွက် ၅ ယောက် အလုပ်ခေါ်စာတင်ဖို့ ကန့်သတ်ထားပြီး၊ တခြားနိုင်ငံတွေအတွက်လည်း ၁၀ ယောက်ထက်ပိုပြီး အလုပ်ခေါ်စာ မတင်ဖို့ ကန့်သတ်ထား ပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013