
စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွေးကောက်ပွဲကျင်းပရေးနဲ့ သက်ဆိုင်တဲ့ အစည်းအဝေးတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်ဟာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းက ခရိုင်နဲ့ မြို့နယ် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ ဩဂုတ် ၁၄ ရက်က တွေ့ဆုံခဲ့တာပါ။
တွေ့ဆုံမှုအတွင်းမှာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က MEVM မဲပေးစက် ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကြောင်းနဲ့ ရပ်ကွက်၊ ကျေးရွာတွေအတွင်း မဲဆန္ဒရှင်တွေကို MEVM စက်ဆိုင်ရာ အသိပညာပေးခြင်းနဲ့ လက်တွေ့စမ်းသပ်မဲပေးခြင်းတွေ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေအနေနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားဖို့ လိုအပ်ကြောင်းနဲ့ လွှတ်တော် ၃ ရပ်ရဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ငန်းလမ်းညွှန်တွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြို့နယ် ၃ မြို့နယ်သာ စစ်ကောင်စီလက်အောက်မှာ ကျန်တော့တဲ့ ရခိုင်ပြည်နယ် အတွင်းမှာလည်း ရွေးကောက်ပွဲ ပြုလုပ်ရေးနဲ့ ပတ်သက်ပြီး စစ်တွေမြို့က စစ်ကောင်စီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ သြဂုတ် ၁၄ ရက်က အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
ရွေးကောက်ပွဲ အောင်မြင်စွာ ပြုလုပ်နိုင်ဖို့နဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင်တွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်ခဲ့တာပါ။
ရခိုင်ပြည်နယ်မှာတော့ လတ်တလော စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့သာ စစ်ကောင်စီ လက်အောက်မှာ ရှိနေတော့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရွေးကောက်ပွဲကော်မရှင်ဘက်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးဘရှိန်က စစ်တပ် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာတော့ ရွေးကောက်ပွဲကျင်းပနိုင်ပြီး စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ မြို့နယ် ၁၄ မြို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ မရှိဘူးလို့ ပြောပါတယ်။
ချင်းတော်လှန်ရေးအဖွဲ့တွေဘက်ကလည်း သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အာဏာသိမ်း စစ်ကောင်စီဘက်က ကျင်းပမယ့် ရွေးကောက်ပွဲကို ခွင့်ပြုသွားမှာမဟုတ်ဘဲ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင် သက်ဆိုးရှည်မယ့် ကိစ္စမျိုးတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်း မလုပ်ကြဖို့ ပြောဆိုပါတယ်။