
ရခိုင်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်း၊ ရေကြီးခဲ့တဲ့အတွက် လူ ၂၁ ယောက်သေဆုံးပြီး လယ်ဧက ၁၈,၈၂၃ ဧက ပျက်စီးခဲ့တယ်လို့ ဩဂုတ် ၁၃ ရက် အာရက္ခပြည်အတွင်း ရေကြီးမှုအခြေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် တုံ့ပြန်မှုမှာ ဖော်ပြထားပါတယ်။
ဇွန် – ဇူလိုင်လကနေ ဇူလိုင်လ နောက်ဆုံးပတ်အထိ မိုးရွာသွန်းမှုများပြီး ရေကြီးခဲ့တာကြောင့် တောင်ကုတ်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော နှင့် ရသေ့တောင်မြို့နယ်တို့က ကျေးရွာ ပေါင်း ၁၆၅ ရွာ နေနစ်မြုပ်ခဲ့ပါတယ်။
ရေကြီးတဲ့ကာလအတွင်း လမ်းခရီးသွားလာရာကနေ ရေကြီးတဲ့ နေရာအရောက်မှာ ရေနစ်တာ၊ ရေစီးနဲ့မျောပါတာတွေကြောင့် လူ ၂၁ ယောက်သေဆုံးခဲ့ရတာပါ။
ရေကြီးမှုကြောင့် နေအိမ် ၊ စပါးခင်းတွေပျက်စီးတာအပြင် လမ်း၊တံတား ၁၃ စင်း နဲ့ ရေတွင်း၊ ရေကန် ၁၈ ခုပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အိမ်ထောင်စု ၉,၇၆၁ စုက လူဦးရေ ၄၂၅၀၀ နီးပါး ရေကြီးမှုဒဏ်ကို ခံစားခဲ့ကြရပြီး အရေးပေါ်အကူအညီတွေ တိုးမြှင့်ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ အဖွဲအစည်းများ၊ အလှူရှင်တွေနဲ့အတူ ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သီရိ