Home
မြန်မာသတင်း
ရခိုင်မှ ပြည်မသို့ လူပို့သူများကို လူကုန်ကူးမှုဖြင့် AA ဖမ်းဆီး
DVB
·
August 14, 2025

ရခိုင်ပြည်နယ်က‌‌နေ ပြည်မဘက်ကို လူပို့ပေးတဲ့သူတွေကို အာရက္ခတပ်တော် (AA) က လူကုန်ကူးမှုနဲ့ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြည်ပနဲ့ ပြည်မဘက်ကို အလုပ်ကိုင်နဲ့ ပညာရေး လိုအပ်ချက်တွေကြောင့် ထွက်ခွာလိုသူတွေကို အငှားယာဉ်ကြေး (သို့မဟုတ်) ပွဲစားခယူပြီး ပို့ဆောင်ပေးသူတွေကို AA ကနေ လူကုန်ကူးမှုနဲ့ ဖမ်းဆီးနေတာလို့ မင်းပြား‌ဒေသခံ ကုန်သည်တယောက်က ပြောပါတယ်။

“လူကုန်ကူးတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ လူကုန်ကူးတယ်ဆိုတာက ကာယကံရှင် အလိုမတူ၊ မသိဘဲ ရောင်းစားတာမျိုးကို ပြောတာမဟုတ်လား။ အခုက ကာယကံရှင်တွေကိုယ်တိုင် သွားချင်လို့ လိုက်ပါရစေလို့ပြောလို့ ခေါ်ကြတာ။ လိုက်ပို့ကြတာမျိုးတွေပါပဲ။ အဲလိုမျိုးတွေ ခေါ်သွားရင်လည်း အခုက လူကုန်ကူးမှုနဲ့ဆိုပြီး ဖမ်းတာခံရတာပါ။”

လူကုန်ကူးမှုနဲ့ ဖမ်းဆီးခံရသူတွေဟာ ပြည်မကပစ္စည်းတွေကို မှောင်ခိုလမ်းကြောင်းကနေ ရခိုင်ကို ကုန်သွယ်နေသူတွေ အဓိကပါဝင်ပြီးတော့ ရခိုင်ကထွက်ခွာလိုသူတွေကို အခကြေးငွေမယူဘဲ ကူညီခေါ်ယူပေးသူတွေလည်း ဖမ်းဆီးခံရတာတွေ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲကဆိုရင် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ဒေသခံတယောက်ဟာ ပြည်ပနဲ့ ပြည်မကို ထွက်ခွာလိုတဲ့ လူငယ်တွေကို အခကြေးငွေနဲ့ ပို့ဆောင်ပေးတာကြောင့် နေအိမ်မှာကျန်ခဲ့တဲ့ ဇနီးဖြစ်သူကို AA က ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ပထမပတ်ထဲကလည်း အသက် ၆၀ ကျော်အရွယ် တောင်ကုတ်ဒေသခံတယောက်ဟာ တူဖြစ်သူကို ပြည်မကို လိုက်ပို့ခဲ့ရာကနေ လူကုန်ကူးမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

ဇူလိုင်လ တတိယပတ်ထဲမှာလည်း မြောက်ဦးမြို့နယ်က အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတယောက်ဟာ မိမိနေထိုင်တဲ့ ကျေးရွာနဲ့ အနီးနားကျေးရွာတွေက လူငယ်တွေကို ပြည်မဘက်ကို ကူညီခေါ်ယူပေးခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။

ခုလို ဖမ်းဆီးခံရသူတွေဟာ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသူတွေ များပြားပြီး ဘယ်မှာထိန်းသိမ်းထားတယ် ဆိုတာလည်း မသိရဘူးလို့ မြောက်ဦးမြို့နယ်က ဖမ်းဆီးခံရသူ‌‌တွေရဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။

“လူကုန်ကူးမှုနဲ့ ဖမ်းတယ်လို့ပဲ သိရတယ်။ ဘယ်မှာထိန်းသိမ်းထားတယ်၊ ဘယ်မှာရုံးထုတ်မယ်၊ ပုဒ်မဘယ်လောက်နဲ့ တရားစွဲမယ် ဆို‌တာလည်း မသိရဘူး။ ဘာမှမသိရတော့ ဘာခုခံချေပတာမျိုးမှလည်း မလုပ်နိုင်ပါဘူး။”

ရခိုင်မှာ အာရက္ခတပ်တော်က သူတို့ထိန်းချုပ်ဒေသတွေမှာရှိတဲ့ စစ်မှုထမ်း အသက်အရွယ် အပိုင်းအခြားမှာရှိတဲ့ ဒေသခံ လူငယ်၊ လူလတ်ပိုင်းတွေကို ဒေသကနေ ထွက်ခွာခွင့်ပိတ်ထားပြီး ထွက်ခွာသူတွေနဲ့ ပို့ဆောင်သူတွေကို ဆက်တိုက်ဖမ်းဆီး‌နေတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော် အနေနဲ့ ဖမ်းဆီးမှုတွေ လုပ်ဆောင်ရာမှာ ထွက်ခွာသူတွေကို ဖမ်းဆီးမိရင် စစ်သင်တန်းပို့ကာ မိသားစုဝင်‌တွေနဲ့ တွေ့ခွင့် ကန့်သတ်ပြီး ဆက်တိုက်စစ်မှုထမ်းခိုင်းသလို ပို့ဆောင်ပေးသူတွေကိုတော့ ခုလို လူကုန်ကူးမှုနဲ့ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013