Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅ ဦးကို AA ဖမ်းဆီး 
DVB
·
August 14, 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနဖ်မြို့နယ်က ငါးဖမ်းသမား ၅  ယောက်ကို အာရက္ခတပ်တော်(AA) က  နတ်မြစ်အတွင်း ဩဂုတ် ၁၂ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြပါတယ်။

တက္ကနဖ်မြို့နယ် ရှပူရီကျွန်းရှိ ဂျူလီယာပါရာကျေးရွာက ငါးဖမ်းသမား ၅ ယောက်ကို စက်လှေတစင်းနဲ့အတူ နတ်မြစ်ဝမှာ အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာလို့ ဂျူလီယာပါရာ ငါးဖမ်းသမားအဖွဲ့ ဥက္ကဋ္ဌ အဘူဂျာနီ က သတင်းဌာနတွေကိုပြောပါတယ်။

“နတ်မြစ်ဝမှာ ငါးဖမ်းနေကြတဲ့ ငါးဖမ်းသမား ၅ ဦးနဲ့ စက်လှေတစီးကို အာရက္ခတပ်တော် ရဲ့တပ်ဖွဲ့ဝင်တွေက သေနတ်ထောက်ပြီး ဖမ်းဆီးသွားတာ။ ပြန်လွတ်လာတာမျိုးမရှိသေးဘူး။”

ဖမ်းဆီးခံထားရသူတွေကတော့  ဂျူလီယာပါရာကျေးရွာ Ilyas၊ Akkal Ali၊ Saber Hossain၊ Nur Hossain နဲ့ Saiful Islamတို့ ဖြစ်ကြပါတယ်။

ငါးဖမ်းသမားတွေ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို စုံးစမ်းစစ်ဆေးနေတယ်လို့  တက္ကနဖ်မြို့နယ် အုပ်ချုပ်ရေးမှူး ကလည်းပြောထားပါတယ်။

၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရာနဲ့ချီတဲ့ ငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်ငါးဖမ်းမှုတွေကြောင့် အာရက္ခတပ်တော်ရဲ့ မကြာခဏဖမ်းဆီးခံရမှုတွေရှိပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)နဲ့ ညှိနှိုင်းပြီးတော့ AA က ပြန်လွှတ်ပေးခဲ့ ပါတယ်။

အာရက္ခတပ်တော်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ပလက်ဝမြို့နယ်အားလုံးကို သိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

Source: Dhaka Tribune

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013