
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ ရတနာမာန်အောင် ဘုရားအနီးမှာ ၅ တန်းကျောင်းသူ ၂ ယောက် စီးလာတဲ့ ဆိုင်ကယ်ကို ဓားထောက် လုယက်သူအား ကျောင်းသူ တယောက်က ပြန်လည်ခုခံပြီး အော်ဟစ်အကူညီတောင်းခံတာကြောင့် ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီးပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းသူ ၂ ယောက် စီးလာတဲ့ ဆိုင်ကယ်ကို ဓားထောက်ပြီး လုယူဖို့ လုပ်ချိန် ကျောင်းသူ တယောက်က ပြန်လည်ခုခံရင်း နောက်ထပ်ကျောင်းသူက ဘုရားဝင်းထဲဝင်ကာ အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်လုသူရဲ့ လက်ထဲကဓား လွတ်ကျသွားတာကြောင့် ကျောင်းသူကို ဆံပင်ဆွဲပြီး ဘုရားဝင်း အုတ်တံတိုင်းနဲ့ ခေါင်းကိုဆောင့်တာတွေ လုပ်တယ်လို့ သိရပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “ကောင်မလေးတွေက ပြန်ပြီး ခုခံတာပေါ့။ တယောက်က ဖြစ်ဖြစ်ချင်း ဆိုင်ကယ် လိုက်ဆွဲထားတော့ တရွတ်တိုက်လည်း ပါသွားတာပေါ့။ လက်မောင်းမှာလည်း ဒဏ်ရာရတယ်။ ညောင်ရွှေဆေးရုံမှာ ပို့ထားတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။
ဆိုင်ကယ် လုယူထွက်ပြေးသွားတဲ့သူကို ဒေသခံပြည်သူတွေက လိုက်ရှာပြီး ဝိုင်းဖမ်းကြလို့ ဓားထောက် ဆိုင်ကယ်လုတဲ့သူဟာ ရွှေစွန်စတိုးဆိုင်အနီးအနားမှာ ဖမ်းခံလိုက်ရပြီး ညောင်ရွှေရဲစခန်းကို ပို့ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်ကလည်း ညောင်ရွှေ ရွှေဂူကျောင်းအနီးမှာ ကောင်မလေး တယောက် စီးလာတဲ့ ယိုးဒယားဆိုင်ကယ်ကို လူတယောက်က ဓားထောက်လုယူသွားခဲ့ပြီး ဆိုင်ကယ်ကို ပင်လောင်းမြို့မှာ ရောင်းစားလိုက်တယ်လို့ သိရပါတယ်။