Home
မြန်မာသတင်း
မြိတ်မြို့တွင် လုယက်မှုများ ဖြစ်ပွားနေပြီး ပျူစောထီးများက ငွေညှစ်နေ
DVB
·
July 21, 2025

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ လုယက်သတ်ဖြတ်တာတွေ ဖြစ်ပွားနေတဲ့အပြင် ပျူစောထီးတွေက ဆိုင်ကယ်စီးနင်းသူတွေဆီကနေ ငွေညှစ်နေတဲ့အတွက် ညဘက်တွေမှာ အပြင်မထွက်ရဲဘဲ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြိတ်မြို့နယ်မှာ အခု ၂၀၂၅ ခုနှစ် ဧပြီလကနေ ဇူလိုင်လအတွင်း လုယက်မှု ၁၃ ကြိမ် ဖြစ်ခဲ့ပြီး ၃ ကြိမ်မှာ အမျိုးသား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ သတင်းအချက်အလက် စုဆောင်းသူတွေဆီက သိရပါတယ်။

မြိတ်မြို့ခံတယောက်က “အရင် မြိတ်မြို့ဆို တော်တော်စည်ကားတယ်။ ၉ နာရီ ၁၀ နာရီလောက်အထိ လမ်းတွေမှာ လူမပြတ်ဘူး။ အခုဆိုရင် ၇ နာရီလောက်ဆို တချို့လမ်းတွေက တိတ်နေပြီ။ ကမ်းနားလမ်းတွေက လွဲပြီးဆို တိတ်ဆိတ် အဲလိုဖြစ်သွားတာပေါ့နော်။ မြို့ခံတွေကလည်း လူသေမှုတွေ၊ လုယက်မှုတွေ အရမ်းများလာတော့ မထွက်ရဲကြတော့ဘူးပေါ့” လို့ ပြောပါတယ်။

မြိတ်မြို့နယ်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတဲ့ Petro & Trans ကုမ္ပဏီက အခုနောက်ပိုင်းမှာ လမ်းမီးတိုင်တွေကို အကန့်အသတ်နဲ့ မီးပေးလာတဲ့အတွက် လူပြတ်တဲ့နေရာတွေမှာ လုယက်မှုတွေ ပိုဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

လုယက်မှုကျူးလွန်သူ အများစုဟာ လူ ၅ ယောက်လောက်ရှိတဲ့ အဖွဲ့လိုက်ဖြစ်ပြီး တုတ်၊ ဓား လက်နက်တွေ ကိုင်ဆောင်ထားလေ့ရှိတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အဲဒီအပြင် အရင် NLD အစိုးရလက်ထက်က မြိတ်မြို့အတွင်းမှာရှိတဲ့ အချက်အချာကျတဲ့ နေရာတွေမှာ သုံးထားတဲ့ LED မီးတိုင်ကြီးတွေကို လျှပ်စစ်မီးကုမ္ပဏီက မီးမပေးတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မြိတ်မြို့ခံတယောက်က “လမ်းမီးတွေက ဖြတ်တယ်ဆိုတာထက် ပျက်သွားရင် ပြန်မလဲပေးဘူး။ အဓိက လမ်းဆုံလမ်းခွတွေမှာ ပြည်သူတွေ ဝိုင်းအလှူထည့်ထားတဲ့ မီးလုံးကြီးတွေ အားလုံး သတ်ပစ်လိုက်ပြီ။ နားကုန်ပြီ။ အရင်တုန်းက ထွန်းပေးတယ်။ အခုတော့ မရှိတော့ဘူး။ ဦးမြတ်လေးပန်းခြံရှေ့မှာရှိတဲ့ ဒီမီးတွေလည်း အားလုံးသတ်ကုန်(မီးမပေးတော့ဘူး)ပြီ” လို့ ပြောပါတယ်။

မြိတ်မြို့က ညဘက် လူစည်ကားတဲ့ ကမ်းနားလမ်းဘက်မှာလည်း ၈ နာရီနောက်ပိုင်း လူသွားလူလာ နည်းသွားတဲ့အတွက် ဈေးသည်တွေ ဈေးရောင်းမကောင်းဘဲ စျေးစောစောသိမ်းလိုက်ရတာတွေ ရှိလာတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

အဲဒီအပြင် မြိတ်မြို့မှာ ဇူလိုင် ၇ ရက်က လုယက်မှုကြောင့် ကျောင်းဆရာတယောက် သေဆုံးခဲ့ရပြီး ပျူစောထီးတွေက ညဘက်တွေမှာ လုံခြုံရေးအကြောင်းပြကာ ဆိုင်ကယ်စီးနင်းသူတွေအပေါ် ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လင်းအိမ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013