
မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း ဂမုန်းပွင့်အနီး ကမ္ဘာအေးကွန်ဒိုမှာ နေထိုင်တဲ့ တောင်ကိုရီးယားနိုင်ငံသားတယောက် သြဂုတ် ၂ မနက်က သတ်ဖြတ်လုယက်ခံရတယ်လို့ ကွန်ဒိုမှာ နေထိုင်သူတွေဆီက သိရပါတယ်။
ကမ္ဘာအေးကွန်ဒိုမှာ တောင်ကိုရီးယားနိုင်ငံသား ဖွင့်လှစ်ထားတဲ့ အလုပ်ရုံးခန်းကို မနေ့မနက်က ဝန်ထမ်းတွေ လာရောက်တုန်း သတ်ဖြတ်ခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံသားရဲ့ ရုပ်အလောင်းကို တွေ့ခဲ့တာလို့ ကွန်ဒိုနေသူတယောက်က ပြောပါတယ်။
“အခန်းထဲကို ဘယ်လိုဝင်သတ်ပြီး လုသွားလဲ မသိဘူး။ ရဲတွေက အပြင်လူတွေ အကြည့်မခံနိုင်ဘူး။ ဝန်ထမ်းကောင်မလေးတွေကိုလည်း စစ်ဆေးနေတယ်” လို့ ပြောပါတယ်။
ကမ္ဘာအေးကွန်ဒိုမှာ နေထိုင်တဲ့ တောင်ကိုရီးယားနိုင်ငံသား Mr.Kim Young Deuk သတ်ဖြတ်ခံရတာ မှန်ကန်ပြီး အကြောင်းအရင်းကို စစ်ဆေးနေဆဲဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“သာမန်သေမှုသေခင်း မဟုတ်ဘူး။ သတ်ဖြတ်ခံရတာ၊ လုယက်ဖို့ လုပ်ရင်း အသတ်ခံရတာလား ဘယ်လိုဖြစ်တာလဲဆိုတာ စစ်ဆေးနေတုန်းပါ။ သံရုံးကိုလည်း အကြောင်းကြားထားတယ်။ အရင်ဆုံးတွေ့တာ သူ့ဆီမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းကလေးမလေးတွေပါ” လို့ ပြောပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူကို မမိသေးပေမယ့် မရမ်းကုန်မြို့မရဲစခန်းက ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သူက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ရန်ကုန်တိုင်းအတွင်းမှာ လုယက်သတ်ဖြတ်မှုထောင်ချီဖြစ်ခဲ့ပြီး ရဲတွေက ဖမ်းမိသူတွေ ရှိသလို လွတ်မြောက်နေသူတွေလည်း အများကြီးရှိပါတယ်။