
ကရင်ပြည်နယ်၊ ဘားအံမြို့ သံလွင်တံတားကနေ ကုန်စည်တင်ယာဉ်တွေကို ဖြတ်သန်းခွင့်ပြုတဲ့ စစ်တပ်က ဒုတိုင်းမှူး အပါအဝင် ဌာနဆိုင်ရာ အရာရှိတွေ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ဘားအံမြို့မှာ တရားမဝင် လိုင်စင်မဲ့ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကိုပါ ဆက်လက် ဖမ်းဆီးနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်က ဘားအံမြို့၊ သံလွင်တံတားကို လုံခြုံရေးအရ တံတားပိတ်ထားချိန် ကုန်စည်တင်ယာဉ် ၁၄၀ ကျော်ကို မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဒုတိုင်းမှူး အမိန့်နဲ့ ဖြတ်သန်းခွင့် ပြုခဲ့ပါတယ်။
ကုန်စည်တင်ယာဉ်တွေကို ညအချိန် ဖြတ်သန်းခွင့်ပြုခဲ့တာကြောင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးက ဖြတ်သန်းသွားခဲ့တဲ့ ကုန်စည်တင်ယာဉ်တွေကို ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်အတွင်း ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။
တံတားဖြတ်သန်းခွင့်ပြုခဲ့တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဒုတိုင်းမှူး ဗညားဝင်းနဲ့အတူ ကရင်ပြည်နယ်၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်၊ စစ်တပ်၊ ရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာအရာရှိ ၂၀ နီးပါးဟာ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမိန့်နဲ့ ဖမ်းဆီး စစ်ဆေးခံနေရပါတယ်။
ရပ်မိရပ်ဖတယောက်က “ဒုတိုင်းမှူး ကိစ္စမှာ လွှတ်လိုက်တဲ့ ကားအားလုံးကို ဖမ်းတယ်။ ကျော်သွားတဲ့ကားတွေကို ကျိုက်ထိုမှာ ထပ်ဖမ်းတယ်။ ကျိုက်ထိုကနေ ကျော်သွားတဲ့ ကားတွေ ရှိတယ်။ အဲဒီကားတွေက ကုန်ပစ္စည်းမရှိတော့ဘူး။ ဘယ်မှာချလဲ၊ ချတဲ့ဆီမှာ သွားပြန်သိမ်းတယ်။ အဖွဲ့ကတော့ ကြမ်းတယ်။ ရဲကော၊ ကာစတန်ကော၊ တပ်ရော အကုန်လုံး။ တံတားမှာရှိတဲ့ ဆက်နွှယ်နေတဲ့ အုပ်စုအကုန်လုံးပေါ့” လို့ ပြောပါတယ်။
ဒါ့အပြင် ဩဂုတ် ၆ ရက်က စတင်ပြီး ဘားအံမြို့တွင်းနဲ့ မြို့ပြင်မှာ ဖြတ်သန်းသွားလာနေတဲ့ တရားမဝင် လိုင်စင်မဲ့ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကိုပါ ဆက်လက် ဖမ်းဆီးနေပါတယ်။
မြို့ခံတယောက်က “ဒုတိုင်းမှူးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဆက်စပ်နေတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အခုက အဖွဲ့စုံ ကညနကော ဘာတွေကော အစုံဖမ်းတာ။ ပြည်သူတွေလည်း မသွားရဲကြဘူး။ အဲလို ဖမ်းဆီးတဲ့အပေါ်မှာ အခက်အခဲတွေ ရှိတာပေါ့။ ကျန်းမာရေးမကောင်းတဲ့ လူတွေဆိုလည်း ဆိုင်ကယ်တွေ၊ ကားတွေနဲ့ သွားလို့ အဆင်မပြေတော့ဘူး။ ခါတိုင်း မဖမ်းဘူးဆိုတော့ ဆေးရုံ၊ ဆေးခန်းတွေ နည်းနည်းသွားလို့ ရသေးတာပေါ့။ အခုလိုဖမ်းတော့ လူနာတွေလည်း သိပ်မလာရဲကြဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဝင်ရောက်စစ်ဆေး အရေးယူသွားဖို့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ညွှန်ကြားခဲ့ပြီးနောက် ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်လာပါတယ်။
မြဝတီမြို့ကနေ ကုန်စည်တင်ဆောင်လာတဲ့ယာဉ်တွေကို တားဆီးပြီး ယာဉ်လိုင်စင်နဲ့ တရားဝင်ကုန်စည်တွေ တင်ဆောင်လာတာ ဟုတ် မဟုတ် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။
အောင်ခန့်