Home
မြန်မာသတင်း
ဘားအံတွင် ရေဘေးဒုက္ခသည် ၁၅,၀၀၀ နီးပါးရှိလာ
DVB
·
July 31, 2025

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေကြီးမှုကြောင့် မြို့ခံတွေနဲ့အတူ စစ်ဘေးရှောင် ပြည်သူတွေ အပါအဝင် ရေဘေးသင့်ပြည်သူ ၁၄,၀၀၀ ကျော်ဟာ ရေဘေးကယ်ဆယ်ရေးစခန်း ၂၄ ခုမှာ ခိုလှုံနေရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ဘားအံမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေနဲ့ သံလွင်မြစ်ရေကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၂၇ စင်တီမီတာကို ရောက်ရှိနေပါတယ်။

ရေကြီးနစ်မြုပ်မှုတွေကြောင့် ဘားအံမြို့ပေါ်က ကယ်ဆယ်ရေးစခန်း အခု ၂၀ နဲ့ အနီးအနား ကျေးရွာက ကယ်ဆယ်ရေးစခန်း ၄ ခုမှာ မြို့ခံတွေနဲ့အတူ စစ်ဘေးရှောင်ပြည်သူတွေ အပါအဝင် ရေဘေးသင့်ပြည်သူ ၁၄,၀၀၀ ကျော် ခိုလှုံနေရပါတယ်။

ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်တွေ အကုန်လုံးနီးပါး ရေမြုပ်ကုန်ပြီလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “ရပ်ကွက် အကုန်လုံးနီးပါးပေါ့။ အနိမ့်ပိုင်းက အကုန်လုံးမြုပ်ပဲ။ ရေက ထပ်တက်တယ်လေ။ ၈ ရက်နေ့က လပြည့်ဆိုတော့ လပြည့်ရေကို ကျနော်တို့က လန့်နေတာ။ နောက်တခုက သိပ်တော့ အလုပ်မရှုပ်ဘူးပေါ့။ ၃ နှစ်ဆက်တိုက် ထိထားတော့ အတွေ့အကြုံက ရှိထားပြီးသားဆိုတော့ သိပ်မပင်ပန်းဘူး။ တခြားနယ်ကအသင်းတွေ ချိတ်ဖို့ ပြောတယ်။ ကျနော်တို့က ကိုယ်မြို့နယ်နဲ့ ကိုယ်နိုင်တယ်၊ အကုန်လုံးကလည်း ရေဘေးက နှစ်တိုင်းဆိုတော့ အတွေ့အကြုံရှိနေတော့ error မရှိဘူး” လို့ ပြောပါတယ်။

ဘားအံမြို့၊ ရပ်ကွက် ၉ ခုလုံးက အနိမ့်ပိုင်း နေအိမ်တွေ အပါအဝင် မြေနိမ့်ပိုင်းကျေးရွာတွေကို သံလွင်မြစ်ရေ ဝင်ရောက်ခဲ့ပါတယ်။

ရေဘေးသင့်ပြည်သူတွေကို မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက မိုးလုံလေလုံ အားကစားရုံ၊ ရွှေယဉ်မျှော်ဘုရား၊ ဆိုင်ကလုံးရှယ်လ်တာ၊ အထက ၃ အားကစားရုံ စတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း ၂၄ ခုမှာ ယာယီရွှေ့ပြောင်းထားပါတယ်။

ဒါ့အပြင် သံလွင်မြစ်ရေကြီးမှုကြောင့် ယာဉ်ငယ်တွေ သွားလာလို့မရတော့ဘဲ လက်ရှိမှာ ဘားအံ-ရန်ကုန် မှန်လုံယာဉ်လိုင်း ၂ လိုင်းပဲ ပြေးဆွဲနေတယ်လို့ အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူက ပြောပါတယ်။

“ထွက်တော့ ထွက်ပါတယ်။ ကျနော်တို့လည်း ၃ စီး ၄ စီး။ မိဘဂုဏ်လည်း ၃ စီး ၄ စီး ထွက်ပါသေးတယ်။ ကားလေးတွေတော့ သွားလို့မရတော့ဘူး။ ဒုံသမိတံတားမှာ ကားကြီးတောင် ၃ ချိုး ၂ ချိုးလောက် မြုပ်တယ်။ မုန်လုံကတော့ ၂ လိုင်းထွက်နေသေးတယ်။ ရေထပ်တက်ရင်တော့ နားရမှာပေါ့။”

ဇူလိုင် ၂၈ ရက်က စတင်ပြီး မြဝတီမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းတာ၊ တောင်ကျရေကြောင့် သောင်ရင်းမြစ်ရေလျှံပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေကို ရေဝင်ရောက်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လက်ရှိ ဇူလိုင် ၃၁ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာကို ကျော်လွန်ပြီး ၁,၀၇၂ စင်တီမီတာမှာ ဆက်ရှိနေပြီး ပြန်လည်ကျဆင်းနေပါတယ်။

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024