
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်ရှိ စစ်တောင်းမြစ်ရေဟာ ဇူလိုင် ၂၈ ရက် မနက်ပိုင်းကစလို့ စိုးရိမ်ရေမှတ်ကျော်လွန် ရေကြီးလာခဲ့တာကြောင့် ရေဘေးရှောင်တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေဆဲဖြစ်သလို စစ်ကောင်စီဘက်က ကူညီမှုတွေ အားနည်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တောင်ငူရှိ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်က ၆၀၀ စင်တီမီတာဖြစ်ပြီး ဇူလိုင် ၂၈ ရက် မနက် ၇ နာရီခွဲအချိန် တိုင်းထွာရရှိချက်အရ တောင်ငူ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ၆၂၇ စင်တီမီတာကနေ စင်တီမီတာ ၇၀၀ ကျော်အထိ ဖြစ်မယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ခပေါင်းချောင်း၊ သောက်ရေခပ်ချောင်းနဲ့ စစ်တောင်းမြစ်ဆုံရာတဝိုက်က ရွာတွေရှိ အိမ်တွေထဲ ပိတ်မိနေသူတွေကို အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေက ဘေးလွတ်ရာ ကယ်ဆယ်ပေးနေသလို အုတ်တွင်း၊ ချစ်ကြည်စု တမံထိပ်မှာ စုရပ်လုပ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေကြပါတယ်။
တောင်ငူရေကြီးမှုအတွင်း ရန်ကုန်၊ မန္တလေးက အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီဖို့ ပြင်ဆင်နေကြပေမဲ့ တောင်ငူမြို့နယ်တဝိုက်က စစ်ကောင်စီ ဌာနဆိုင်ရာတွေ၊ ပြည်ထဲရေးလက်အောက်ခံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့ ကျန်းမာရေးအဖွဲ့တွေက ကူညီမှု အားနည်းနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“ရေထိုးတက်တာက မနေ့က မနက်စောစောလောက်က စဖြစ်တာ။ တချို့ကလည်း အိမ်ထဲ စင်ထိုးပြီး နေလို့ရမယ်ထင်လို့ နေနေကြတာ။ ရေက အနိမ့်ပိုင်းတွေဆိုရင် ရင်ဘတ်လောက်အထိ ဝင်နေပြီ။ ကုလားရွာဘက်က ပိုဆိုးတယ်။ လူကြီးတွေရော ကလေးတွေရော ပိတ်မိနေကြတယ်။ စစ်တပ်က တောင်ငူမြို့ပေါ်လောက်ပဲ လိုက်စစ်နေတာ။ ရွာတွေဘက်မလာဘူး။”
တောင်ငူမြို့နယ်ထဲက ဒိုးသောင်ကျေးရွာရဲ့ တောင်ဘက်ကမ်း/မြောက်ဘက်ကမ်း၊ ကြို့ပင်ဆိပ်၊ သဖန်းချောင်း၊ ဥယျာဥ်စု၊ ချောင်ဝ၊ ပဲပုပ် စတဲ့ရွာတွေအပြင် ရွှေကြက်တောင်ကုန်းပေါ်နဲ့ ရွှေဈေး ရွာကုန်းလေးမှာပါ ပြည်သူတွေ အရေးပေါ် ပြောင်းရွှေ့နေကြရပြီး ရေဘေးရှောင် ခန့်မှန်းလူဦးရေ သောင်းဂဏန်းနီးပါး ရှိတယ်လို့ သိရပါတယ်။
အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ရန်ကုန်ဘက်က ဆင်းလာကြတာ များတယ်။ ဒီဘက်က အရေးပေါ်ခေါ်တာနဲ့ နောက်ထပ် လာကြဦးမယ်။ အခုအရေးကြီးတာ မော်တော်တွေပါ။ လူတွေကယ်ဖို့ရော စားနပ်ရိက္ခာ ထောက်ပံ့ဖို့ရော ဒါက အရေးကြီးတယ်။ စာရင်းအတိအကျတော့ မရသေးဘူး။ ကျနော်တို့ ရထားသလောက်တော့ လူ ၁၀,၀၀၀ လောက် ရှိနေပြီ။ ရေဘေးရှောင်စခန်းတွေက မြို့ပေါ်မှာတော့ အဆင်ပြေသလို စီစဉ်နေကြပါတယ်” လို့ ပြောပါတယ်။
ရေဘေးရှောင်စခန်းတွေကို တောင်ငူနဲ့ အုတ်တွင်းတို့က ဘုန်းကြီးကျောင်းတွေ၊ ဘုရားဝန်းအတွင်းနဲ့ တောင်ငူ TTC ကျောင်းဟောင်းတို့မှာ နေရာချထားပေးထားတယ်လို့ သိရပြီး အရေးပေါ် စားနပ်ရိက္ခာတွေနဲ့ ရေသန့်ဆေးဝါးတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။