Home
မြန်မာသတင်း
မြန်မာနိုင်ငံအနှံ့ ရေကြီးရေလျှံပြီး လူအသေအပျောက်ရှိ၊ အရေးပေါ် အကူအညီလိုအပ်နေ
DVB
·
July 29, 2025
Photo: Ko Kyaw Thu Ya (တောင်ငူမြို့မှ ရေဘေးဒုက္ခသည်များ။)

ဇူလိုင်လအတွင်းမှာ နိုင်ငံတဝန်းဒေသအတော်များများမှာ မိုးကြီးကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာပြီး လူသေအပျောက်တွေလည်းရှိနေကြောင်းနဲ့ ရေကြီးနစ်မြုပ်မှု ကြုံနေရတဲ့ ဒေသတွေမှာ ပြည်သူတွေ အကူအညီတွေ လိုအပ်နေကြောင်း သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းငယ်အရှိန်နဲ့ မုတ်သုံလေ အားကောင်းခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ဇူလိုင်လ တတိယအပတ်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မြစ်ရေကြီးတာတွေ ရေကြီးရေလျှံတွေ ဖြစ်ပေါ်လာခဲ့တာပါ။

ဇူလိုင် ၂၄ ရက် နောက်ပိုင်းမှာတော့ စစ်တောင်းမြစ်ရေ၊ ရွှေကျင်မြစ်ရေနဲ့ သောင်ရင်းမြစ်ရေတို့က စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိလာခဲ့ပြီး အနီးပတ်ဝန်းကျင်က ဒေသတွေကို ရေကြီးရေလျှံမှု ဖြစ်ပေါ်စေခဲ့ပါတယ်။

စစ်တောင်းမြစ် ဘေးပတ်ဝန်းကျင် ပဲခူးတိုင်းထဲက တောင်ငူမြို့နယ်၊ ထန်းတပင်နဲ့ အုတ်တွင်း စတဲ့ဒေသတွေမှာလည်း ရေကြီးနစ်မြုပ်မှု ခံနေရကြောင်း ကူညီကယ်ဆယ်နေတဲ့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“မနေ့က တရိပ်ရိပ်တက်နေတယ်၊ ၆ နာရီလောက်ကတည်းက တက်တာ၊ အခုလက်ရှိလည်း တက်နေတုန်းပဲ။ ရေဘေးဒဏ်ကို အဓိက ခံစားနေရတာတော့ ထန်းတပင် စစ်တောင်းမြစ်ဘေးပေါ့။ တောင်ငူမြို့ရဲ့ တောင်ဘက် ၇ မိုင်အကွာပေါ့။ အဲဒီ ထန်းတပင်ကတော့ ရေဘေးကို အကြီးအကျယ် ခံစားနေရတယ်။ နောက်တခုက ခံစားနေရတဲ့ ထန်းတပင်တဖက်ကမ်းက အုတ်တွင်းမြို့နယ်ပေါ့။ အဲဒီနေရာတွေတော့ အများဆုံးခံစားနေရတယ်။ ရေဘေးရှောင်က လက်ရှိ ခန့်မှန်း ၄၀,၀၀၀ နဲ့အထက်မှာ ရှိတယ်။”

ဇူလိုင် ၂၈ ရက်တုန်းက အုတ်တွင်းနဲ့ ထန်းတပင်က ဒေသခံ ၃ ယောက် ရေစီးနဲ့ မျောပါပြီး ပျောက်ဆုံးနေကြောင်းလည်း ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာလည်း ရေကြီးရေလျှံပြီး ပင်းတယမြို့နယ်ထဲက ရွာ ၄ ရွာမှာ ရေဘေးဒုက္ခတွေ ကြုံနေရကြောင်း သိရပါတယ်။

ပြင်းထန်တဲ့ ရေလွှမ်းမိုးမှု ကြုံခဲ့ရတဲ့ ကုန်းစောင်းကျေးရွာ ဒေသခံတယောက်ကတော့ ရေဘေးရှောင်ရင်း အရေးပေါ် အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်ကြောင်း ပြောပါတယ်။

“အခု လူတွေ အိမ်တွေ ပါသွားတဲ့ချောင်းက ကုန်းစောင်းရွာကို နှစ်ခြမ်းခွဲသွားတာရှင့်။ အခု ချောင်းရှေ့ဘက်က လူတွေပဲ ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ နေရာကို လာနိုင်တာ။ လူ ၇၀၊ ၁၀၀ လောက်ကတော့ လာနိုင်ခဲ့တယ်။ ချောင်းအနောက်ဘက်က လူတွေကတော့ ကျန်နေခဲ့တယ်၊ ကူးမလာနိုင်ဘူး။ ကျန်နေတဲ့သူတွေတော့ အပေါ်ဘက်က ဘုန်းကြီးကျောင်းကိုပဲ တက်နေမလား၊ အမျိုးဆီပဲ နေကြမလားတော့ မသိဘူး။ ကျန်ခဲ့တဲ့သူတွေ စာရင်းလည်း သေချာမသိရသေးဘူး။ လိုတာကတော့ အရေးပေါ် အစားအသောက်ပေါ့။ ကြက်ဥ၊ ခေါက်ဆွဲ၊ ဆီ၊ အသားငါး ဆီသွတ်ဘူးပေါ့။ ကြာဆံတို့ ပဲနီလေး၊ ကုလားပဲ အဲဒီလို အစားအသောက်တွေ လိုပါတယ်။ ခေါက်ဆွဲ ဆိုလည်း မားမားခေါက်ဆွဲခြောက်ဆို နည်းနည်းနဲ့ ဂျုံခေါက်ဆွဲဆို ပိုအာဟာရဖြစ်မယ် ထင်ပါတယ်။”

ပင်းတယမြို့နယ်ထဲက ရွာ ၄ ရွာ ရေကြီးရေလျှံပြီး လက်ရှိမှာ လူနေလို့မရတဲ့အထိ ပျက်စီးမှုတွေ ရှိခဲ့သလို ရေစီးထဲမျောပါပြီး သေဆုံးခဲ့တဲ့ ဒေသခံရုပ်အလောင်း ၆ လောင်းကိုလည်း ရှာဖွေ တွေ့ရှိထားတယ်လို့ ရေဘေးရှောင်တွေကို ကူနေပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တယောက်က ပြောပါတယ်။

“ထိခိုက်တဲ့ရွာကတော့ ၄ ရွာရှိတယ်ဗျ။ အများဆုံး ထိခိုက်တာကတော့ သိမ်ကုန်းကျေးရွာအုပ်စုထဲက ကုန်းစောင်းရွာပေါ့။ ကုန်းစောင်းရွာမှာဆို ပြိုလဲပြီး လုံးဝပျက်စီးသွားတာ၊ နေမရတာက ၆ အိမ်ပေါ့။ ရွာအခြေအနေမကောင်းလို့ ရွာမှာတော့ မနေကြဘူးပေါ့။ ပတ်ဝန်းကျင်က ဘုန်းကြီးကျောင်းမှာ နေကြတယ်။ အခု ပျောက်ဆုံးတာ ၈ ဦး ဆိုပေမဲ့ အလောင်း ၆ လောင်းတော့ ပြန်တွေ့ပြီ။ အခုလောလောဆယ် ကျနော်တို့ကို အကူအညီ လှမ်းတောင်းလာတာကတော့ တကိုယ်ရေသုံးပစ္စည်းတွေပေါ့။ အစားအသောက်တွေ လိုအပ်တယ်ပေါ့။ အရေးပေါ် အခြေအနေမှာ ဆေးဝါးရယ်၊ အစားအသောက်ရယ်ဆို ကြက်ဥတို့ပေါ့၊ အသီးအနှံတွေကတော့ ပတ်ဝန်းကျင်ရွာတွေက လာပို့တယ်။”

ကရင်နီပြည်နယ်၊ မော်ချီးဒေသမှာလည်း မိုးများလို့ မြေပြိုကျခဲ့ပြီး အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ရေကြီးတဲ့ဒေသတွေကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယ၊ ရွာငံ၊ အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း  တာချီလိတ်၊ ဝ‌ဒေသ မိုင်းပေါက်၊ ပန်ဆိုင်း၊  ပဲခူးတိုင်း တောင်ငူမြို့နယ်ထဲက အုတ်တွင်း၊ ထန်းတပင်၊ ဖြူး၊ မုန်း၊ ရွှေကျင်၊ ကရင်ပြည်နယ် ဘားအံမြို့၊ မွန်ပြည်နယ် ဘီးလင်းမြို့၊ သံလွင်မြစ်ကမ်းတလျှောက်က ရွှေဂွန်းနဲ့ ကမမောင်းမြို့၊ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် စတဲ့နေရာတွေဖြစ်ပြီး  တချို့ဒေသတွေမှာတော့ ရေပြန်ကျသွားပြီ ဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013