
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်မှာ သြဂုတ် ၂၆ ရက် မနက် ၂ နာရီခန့်က မီးပလပ်ခုံ အပူလွန်ရှော့ခ်ဖြစ်ပြီး မီးလောင်ခဲ့လို့ အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ မီးသတ်ဌာနကနေ သိရပါတယ်။
အေးမြသာယာရပ်ကွက်၊ နယ်မြေ ၁၄ ရှိ နေအိမ်တလုံးမှာ မီးပလပ်ခုံ အပူလွန်ကဲ ရှောခ့်ဖြစ်ပြီး အနီးရှိ ခေါက်ဆွဲဖာကို မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုဖြစ်တဲ့အိမ်မှာ နေထိုင်တဲ့ အမျိုးသားတယောက် သေဆုံးခဲ့တာလို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“စစ်ဆေးမှုအရ ပလပ်ခုံ အပူလွန်ကဲတာကြောင့် မီးစလောင်ခဲ့တာပါ။ အိမ်ထဲက ပစ္စည်းတွေကို မီးကူးသွားတော့ အားကောင်းခဲ့တာ။ အိမ်မှာနေထိုင်တဲ့ အမျိုးသားတယောက်ကတော့ မီးလောင်မှုကြောင့် သေဆုံးသွားခဲ့တာပါ။”
အဲဒီမီးလောင်မှုကြောင့် အသက် ၅၆ နှစ်အရွယ် ဦးကျော်စွာမင်း ဆိုသူ သေဆုံးခဲ့ပြီး အလျားပေ ၃၀၊ အနံပေ ၃၀၊ သွပ်မိုးအုပ်ညှပ် တထပ်နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့ပြီး တခြားအိမ်တွေ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
ဒေသခံတယောက်က “တခြားအိမ်တွေ မီးမကူးဘဲ ထိန်းနိုင်ခဲ့တာပေါ့နော်။ ရှော့ခ်ဖြစ်လို့ မီးလောင်တာပါ။ မီးအားမမှန်မှုတွေကြောင့်လည်း ရှော့ခ်ဖြစ်တာတွေ ပါတယ်” လို့ ပြောပါတယ်။
အဲဒီမီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၃ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် အယောက် ၃၀ နဲ့ လူမှုကူညီရေးအဖွဲ့တွေ၊ ရပ်ကွက်နေ ပြည်သူတွေ မိနစ် ၃၀ နီးပါးအကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
မီးလောင်မှု နဲ့ပတ်သက်ပြီး ဦးကျော်စွာမင်း (သေဆုံးသူ) ကို မြစ်ကြီးနားမြို့နယ် ရဲစခန်းမှာ (ပ)၁၆၃/၂၀၂၅၊ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။