
ဂျပန်နိုင်ငံ၊ ဟွန်ရှူးကျွန်းရှိ၊ ဆိပ်ကမ်းမြို့ကြီးတမြို့ဖြစ်တဲ့ အိုဆာကာမြို့ကြီးရဲ့ နာမည်ကျော် ဒိုတွန်းဘိုးရိ ဖျော်ဖြေရေးနဲ့ ဈေးဝယ်နယ်မြေမှာ သြဂုတ် ၁၈ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ မီးသတ်သမား ၂ ယောက် သေဆုံးပြီး အနည်းဆုံး လူ ၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာတွေက သတင်းထုတ်ပါတယ်။
စားသောက်ဆိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေရှိတဲ့ အထပ် ၇ ထပ် အဆောက်အအုံမှာ မနက် ၉ နာရီ ၅၀ မိနစ်ဝန်းကျင်လောက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကို ကိုးကားပြီး မီဒီယာမှာ ဖော်ပြပါတယ်။
မီးဟာ ပထမထပ်မှာ စတင်လောင်ကျွမ်းခဲ့ပြီးတော့ အဆောက်အအုံတခုလုံးကို မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့တာပါ။ မီးသတ်သမားတွေဟာ မီးငြှိမ်းသတ်ဖို့ ကြိုးပမ်းခဲ့ရင်း အဆောက်အအုံရဲ့ ၆ ထပ်မှာ ပိတ်မိပြီးတော့ အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံမီဒီယာက ပြောကြားခဲ့ပါတယ်။
ဒဏ်ရာရသူ ၄ ယောက်ထဲက ၃ ယောက်မှာ မီးသတ်သမားတွေဖြစ်ပြီး သူတို့အားလုံးဟာ အခုတော့ ဒေသန္တရဆေးရုံမှာ အခြေအနေတည်ငြိမ်နေကြောင်း မီးသတ်အာဏာပိုင်တွေက မီဒီယာတွေကို ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို ဒေသဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းနေဆဲဖြစ်ပါတယ်။
Source: Reuters