
ဂွါတီမာလာ အစိုးရပိုင် လူငယ်စောင့်ရှောက်ရေးစခန်းမှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် မိန်းကလေး ၄၁ ယောက် သေဆုံးခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး တရားရုံးက ဩဂုတ် ၁၂ ရက်မှာ တာဝန်ရှိသူ ၆ ယောက်ကို သူတို့ရဲ့ရာထူးနဲ့ တာဝန်ရှိမှုအလိုက် ထောင်ဒဏ် ၆ နှစ်မှ ၂၅ နှစ်အထိ ချမှတ်လိုက်ပါတယ်။
ရဲအရာရှိဟောင်း ၂ ယောက်နဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အရာရှိဟောင်း ၄ ယောက်တို့ ပါဝင်တဲ့ တရားခံတွေဟာ လူသေဆုံးမှု၊ အရွယ်မရောက်သေးသူတွေကို နှိပ်စက်ညှဉ်းပန်းမှု၊ အခွင့်အာဏာကို အလွဲသုံးစားလုပ်မှု၊ တာဝန်ဖောက်ဖျက်မှုတို့နဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီထောင်ဒဏ်ချမှတ်မှုတွေဟာ နိုင်ငံတကာမှာ ရှုတ်ချခဲ့တဲ့ အမျိုးသားရေး ကြေကွဲစရာ ဖြစ်ရပ်အတွက် အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး ဂွါတီမာလာနိုင်ငံရှိ အစိုးရဂေဟာတွေအတွင်း စနစ်တကျ အလွဲသုံးစားမှုတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ် မတ် ၈ ရက်က ဂွါတီမာလာစီးတီးအနီးရှိ ဗီးရ်ဟန်း ဒယ်လာ အဆွန်စီယွန် ဘေးကင်းရေးဂေဟာမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။
သက်သေခံ ထွက်ဆိုချက်တွေအရ မိန်းကလေးငယ် ၅၆ ယောက်ဟာ မတော်မတရား ပြုကျင့်မှုကို ဆန္ဒပြခြင်းနဲ့ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးပမ်းမှုတွေအတွက် ပြစ်ဒဏ်ပေးတဲ့ အခန်းကျဉ်းလေးထဲမှာ သော့ခတ်ခံထားခဲ့ရပါတယ်။
အထဲမှာ နာရီပေါင်းများစွာ ကြာပြီးနောက်မှာ မိန်းကလေးတယောက်ဟာ အစောင့်တွေကို တံခါးဖွင့်ပေးနိုင်ဖို့ မျှော်လင့်ပြီး မွေ့ရာကို မီးရှို့ခဲ့ပါတယ်။
မိန်းကလေးတွေက အော်ဟစ် အကူအညီတောင်းခဲ့ပေမဲ့ ရဲတွေက တံခါးသော့ဖွင့်ဖို့ကို ၉ မိနစ် ကြာတဲ့အထိ စောင့်ဆိုင်းခဲ့ကြောင်း မျက်မြင်သက်သေတွေက ထွက်ဆိုခဲ့ပါတယ်။ မီးလောင်မှုကြောင့် မိန်းကလေး ၄၁ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြပါတယ်။
သေဆုံးသူ ၁၃ ယောက်ကို ကိုယ်စားပြုတဲ့ ရှေ့နေ အဒ်ဂါ ပီရက်ဇ် အာချီလာက “နိုင်ငံတော်အစိုးရက ပျက်ကွက်တယ်။ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးစနစ်မှာ တာဝန်ရှိတဲ့ အရာရှိတွေကလည်း သူတို့ရဲ့ တာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင်ဘူးဆိုတာ သက်သေပြခဲ့တာ ဖြစ်တယ်” လို့ ပြောပါတယ်။
ပြစ်ဒဏ်စီရင်ချက်ထဲမှာ တရားသူကြီး အင်းဂရစ်ဒ် စီဖွှမ်တေးစ်ဟာ အဲဒီအချိန်က တာဝန်ထမ်းဆောင်နေတဲ့ သမ္မတဟောင်း ဂျင်မီ မိုရာလက်စ်ကိုလည်း စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။
သတ္တမမြောက် တရားခံဖြစ်တဲ့ ဂွါတီမာလာနိုင်ငံရဲ့ ကလေးသူငယ်ဆိုင်ရာ ရှေ့နေဟောင်းကို စွဲချက်မတင်တဲ့အတွက် တရားရုံးမှာ စီရင်ပိုင်ခွင့်အာဏာ မရှိခဲ့ခြင်းကိုလည်း ထောက်ပြခဲ့ပါတယ်။
သေဆုံးခဲ့သူတွေဘက်က တချို့မိသားစု ဆွေမျိုးတွေကတော့ ဒီထောင်ဒဏ်တွေဟာ သူတို့အတွက် သက်ညှာလွန်းတယ်လို့ ဝေဖန်ကြပြီး သူတို့တွေ ရသင့်ရထိုက်တဲ့ ထောင်ဒဏ် နှစ်အရေအတွက်တွေ မဟုတ်လို့ တရားမျှတမှု မရှိသေးဘူးလို့လည်း ဆိုကြပါတယ်။
သူတို့ဟာ ဂွါတီမာလာရဲ့ အကြီးဆုံးရင်ပြင် ပလာဇာ ဒီလာစ် နီညက်စ်မှာ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတာ ၈ နှစ်လောက် ရှိလာပြီး ခုထိလည်း တိုက်ပွဲဝင်နေတုန်းပဲလို့ သေဆုံးသူတယောက်ရဲ့မိခင် ကာမန် အူရီယာဇ်က ပြောပါတယ်။
Source: Reuters