
စပိန်နိုင်ငံမြောက်ပိုင်း ဇာမိုးရားပြည်နယ်မှာ တရားမ၀င် အမှိုက်ပစ်လေ့ရှိတဲ့ မြေကွက်တကွက်မှာ မီးရှို့ခဲ့တဲ့ အမျိုးသားတယောက်ကို သြဂုတ် ၁၄ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ပူပြင်းတဲ့ရာသီဥတုကြောင့် တောမီးက မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့ခဲ့ပြီး ဟက်တာ ၄,၀၀၀ လောက် လောင်ကျွမ်းကာ လူ ၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဆိုပါတယ်။
တောင်ပိုင်း မာလာဂါပြည်နယ်မှာ သြဂုတ်လ အစောပိုင်းက မီးလောင်မှု ၆ ကြိမ် ဖြစ်ပွားခဲ့မှုကြောင့် နောက်ထပ် အမျိုးသားတယောက်ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
လေယွန်ပြည်နယ်မှာ ဒုတိယမြောက် စေတနာ့ဝန်ထမ်း မီးသတ်သမားတယောက် ကြာသပတေးနေ့က မီးသတ်ရင်း သေဆုံးသွားခဲ့ပြီး အခုနှစ် တောမီးနဲ့ ဆက်နွှယ်တဲ့ ၇ ယောက်မြောက် သေဆုံးမှုဖြစ်ပါတယ်။
နိုဂါရက်ဟာ့စ် မြို့အနီးမှာ တခြား စေတနာ့ဝန်ထမ်းတယောက်နဲ့အတူ မီးထဲမှာ ပိတ်မိသွားခဲ့ပြီးနောက်မှာ သူတို့ဟာ ခြုံရှင်းစက်တွေနဲ့ မီးတားလမ်းဖောက်ဖို့ ကြိုးစားခဲ့ရင်း သူ့ခန္ဓာကိုယ်ရဲ့ ၈၅ ရာခိုင်နှုန်းအထိ မီးလောင်ဒဏ်ရာတွေ ခံစားခဲ့ရပါတယ်။
ဇွန် ၁ ရက်ကတည်းက လူ ၁၀ ယောက် ဖမ်းဆီးခံခဲ့ရကြောင်း ရဲက ပြောကြားပြီး တမင်တကာ တောမီးကို စ,ရှို့ခဲ့တဲ့ နောက်ထပ် ၃၈ ယောက်ကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
စပိန်နိုင်ငံမှာ မီးရှို့မှု ကျူးလွန်သူဟာ ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေအများအပြား ကျခံရနိုင်တာ ဖြစ်ပါတယ်။
စပိန်နိုင်ငံမှာ ကြာသပတေးနေ့က မီးလောင်မှုပေါင်း ၂ ဒါဇင်လောက် ရှိခဲ့ပြီး လေပြင်းနဲ့ ပြင်းထန်တဲ့ အပူရှိန်ကြောင့် လောင်ကျွမ်းပျက်စီးမှု ထိခိုက်များပြားပါတယ်။
လူပေါင်း ၉,၅၀၀ လောက်ကို သူတို့ရဲ့မြို့တွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး ရာနဲ့ချီတဲ့လူတွေကိုတော့ သူတို့နေအိမ်တွေမှာသာ နေကြဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
စပိန်အစိုးရဟာ မီးလောင်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ ဥရောပ မိတ်ဖက်တွေဆီ အကူအညီ တောင်းခံခဲ့ပြီး ကနေဒါလေကြောင်း ရေဖျန်း မီးသတ်လေယာဉ် ၂ စင်းကို တောင်းဆိုခဲ့ပါတယ်။
Source: Reuters