
ပေါ်တူဂီနိုင်ငံမြောက်ပိုင်း ထရန်ကိုဆိုဒေသမှာ သြဂုတ် ၁၂ ရက်က တောမီးလောင်ကျွမ်းမှုကို မီးသတ်သမားတွေက မီးငြှိမ်းသတ်နေကြပြီး မီးတောက်နဲ့ မီးခိုးတွေကို သစ်တောထဲမှာ မြင်တွေ့နေရပါတယ်။
လစ္စဘွန်းမြို့ အရှေ့မြောက်ဘက် ၃၅၀ ကီလိုမီတာအကွာလောက်က ရွာတရွာမှာ သြဂုတ် ၉ ရက် က စတင်ခဲ့ပြီး ရာသီဥတုအခြေအနေကြောင့် ပိုပြင်းထန်လာတဲ့ တောမီးကို ထိန်းချုပ်နိုင်ဖို့ မီးသတ်သမား ၇၀၀ နီးပါးက ငြှိမ်းသတ်နေတာပါ။
သြဂုတ် ၁၁ ရက်ကလည်း လေပြင်းတိုက်ခတ်မှုနဲ့ အပူချိန် မြင့်မားမှုကြောင့် ညလုံးပေါက် ဆက်လက်လောင်ကျွမ်းခဲ့တဲ့ ထရန်ကိုဆို ဒေသက တောမီးကို ငြှိမ်းသတ်ဖို့ ပေါ်တူဂီ မီးသတ်သမား တွေ ရုန်းကန်ခဲ့ရပါတယ်။
ဥရောပတောမီး သတင်းအချက်အလက်စနစ် အဆိုအရ အခုနှစ်အထိ ပေါ်တူဂီနိုင်ငံရဲ့ စုစုပေါင်းဧရိယာရဲ့ ၀ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် ၅၂,၀၀၀ ဟက်တာလောက် မီးလောင်ခဲ့တာပါ။
မြေထဲပင်လယ်ဒေသရဲ့ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီဟာ တောမီးအန္တရာယ် မြင့်မားစေတယ် လို့ သိပ္ပံပညာရှင်တွေက ပြောဆိုထားပါတယ်။
မီး စလောင်လိုက်ပြီ ဆိုတာနဲ့ ခြောက်သွေ့နေတဲ့ စိုက်ခင်းတွေနဲ့ လေပြင်းတွေကြောင့် မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့သွားကာ မထိန်းချုပ်နိုင်တော့ဘဲ လောင်ကျွမ်းသွားတတ်တာ ဖြစ်ပါတယ်။
Source:Reuters