Home
နိုင်ငံတကာ
ဥရောပတောင်ပိုင်းအနှံ့  အပူချိန်မြင့်တက်ပြီး တောမီးများလောင်ကျွမ်း
DVB
·
August 13, 2025
Photo :Reuters

ဥရောပတောင်ပိုင်းမှာ ပိုမိုပြင်းထန်လာတဲ့ အပူလှိုင်းကြောင့် တောမီးလောင်ကျွမ်းမှု အနှံ့ဖြစ်ပွားနေရာ အနည်းဆုံး လူ ၃ ယောက် သေဆုံးပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

အီတလီ၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီနဲ့ ဘော်လကန်ဒေသက နိုင်ငံတွေမှာ အနီရောင်အဆင့် အပူချိန်သတိပေးချက်ကို ထုတ်ပြန်ထားပါတယ်။

အဲဒီနေရာတွေမှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ကနေ ၄၄ ဒီဂရီစင်တီဂရိတ်ကို မြင့်တက်လာနိုင်တဲ့ အလျောက် ကျန်းမာရေးအတွက် သိသာတဲ့အန္တရာယ်တွေ ကျရောက်နိုင်ကြောင်း သတိပေးထားပါတယ်။

စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ် ကတော့ “တောမီးအန္တရာယ်ဟာ အလွန်မြင့်မားတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကျေးဇူးပြု၍ အထူးသတိရှိကြပါ” ဆိုပြီး X လူမှုကွန်ရက်ပေါ်မှာ ပို့စ်တင်ထားပါတယ်။

အဲဒီနောက် စပိန်နိုင်ငံတဝန်းက တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ဖို့ စစ်သားဦးရေ ၁,၀၀၀ နီးပါးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေပါ စေလွှတ်ခဲ့ပါတယ်။

စပိန်နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပေါ်တူဂီမှာလည်း တောမီးအကြီးစား ၃ ခု ငြှိမ်းသတ်နေရပြီး အဆိုးရွားဖြစ်တဲ့ ထရန်ကိုဆူမြို့အနီးက တောမီးကိုတော့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြင်သစ် တနိုင်ငံလုံးရဲ့ လေးပုံသုံးပုံလောက်ဟာ အပူချိန်လွန်ကဲမှု သတိပေးချက်အောက်မှာ ရှိနေတာကြောင့် ကျန်းမာရေးဝန်ကြီး ကတ်သရင်း ဗိုထရန်က ဒုတိယမြောက် အပူလှိုင်းအတွက် ဆေးရုံတွေကို အသင့်ပြင်ခိုင်းထားကြောင်း အတည်ပြုပါတယ်။

ဂရိနိုင်ငံကလည်း လေပြင်းတိုက်ခတ်မှုအရ ပိုမိုဆိုးရွားလာခဲ့တဲ့ တောမီးနေရာပေါင်း ၁၅၀ ကျော်ကို မီးသတ်သမား ၅,၀၀၀ အပါအဝင် ဒါဇင်နဲ့ချီတဲ့ လေယာဉ်တွေပါ အသုံးပြုပြီး ငြှိမ်းသတ်နေပါတယ်။

ဘော်လ်ကန်ဒေသတွင်း နိုင်ငံတွေဖြစ်ကြတဲ့ မွန်တီနီဂရိုးမှာ စစ်သားတယောက် သေဆုံးကာ နောက်ထပ်တယောက် ဒဏ်ရာရခဲ့သလို အယ်လ်ဘေးနီးယားမှာလည်း ဒေသခံတွေဟာ မိမိနေအိမ်ကနေ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ကြပါတယ်။

ဗြိတိန်ဒေသအချို့မှာတော့ တနှစ်အတွင်း စတုတ္ထမြောက် အပူလှိုင်းဒဏ်နဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

အခုလိုမျိုး ကမ္ဘာကြီးပူနွေးလာမှုကြောင့် မြေထဲပင်လယ်ဒေသရဲ့ နွေရာသီဟာ ပိုမိုပူပြင်းခြောက်သွေ့လာတဲ့အပြင် တောမီးရာသီတွေပါ ပိုပြီးကြာရှည်စွာနဲ့ ပြင်းထန်လာနိုင်ကြောင်း သိပ္ပံပညာရှင်တွေအနေနဲ့ သတိပေးထားပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024