
တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ရေနံမြေရပ်ကွက်ရှိ နာရေးအိမ်တအိမ်ကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ဝန်းကျင်နဲ့ ဝင်ရောက်လာပြီး အရပ်သား ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၈ ရက် ည ၁၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က စစ်ကားတွေနဲ့ရောက်လာပြီး နာရေးအိမ်မှာ ရောက်ရှိနေတဲ့ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
ဒေသခံတယောက်က “တရပ်ကွက်လုံး စစ်ကားတွေဝိုင်းထားတယ်။ နာရေးအိမ်ကို ဝင်စီးပြီး ရပ်ကွက်ကသူတွေကိုတော့ လက်ထောင်ခိုင်းတယ်။ မဟုတ်တဲ့သူတွေကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ ကျားရော၊ မရော အားလုံး ၂၀ ကျော်တယ်။ အမျိုးသမီးတဦးကို ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်” လို့ ပြောပါတယ်။
အဆိုပါနာရေးဟာ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာက ဒေသခံတယောက်ရဲ့ နာရေးဖြစ်ပြီး နာရေးအိမ်မှာ ရောက်ရှိနေတဲ့သူတွေဟာ လယ်သစ်ရွာက ရွာသူ ရွာသားတွေ အများစု ဖြစ်ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လယ်သစ်ရွာခံတယောက်က “ဖမ်းဆီးခံရတဲ့ ၂၀ ကျော်မှာ ၇ယောက်ကလွဲပြီး ကျန်သူတွေကို ပြန်လွှတ်ပေးလိုက်ပြီ။ ယောက်ျား ၅ ယောက်နဲ့ မိန်းမ ၂ ယောက် မြို့မရဲစခန်းမှာ ဖမ်းထားတယ်။ စစ်မှုထမ်းပို့မယ်လို့တော့ သိထားရတယ်” လို့ ပြောပါတယ်။
လယ်သစ်ရွာက တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေဖြစ်တာကြောင့် စစ်ကောင်စီဘက်က အခုလိုမျိုး လယ်သစ်ရွာခံ နာရေးအိမ်ကို ဝင်ရောက်စီးနင်းတာ ဖြစ်နိုင်တယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။