Home
မြန်မာသတင်း
အင်္ဂပူတွင် မူးယစ်ရမ်းကားနေသည့် စစ်သား ၂ ဦးကို စစ်တပ်အရာရှိက ပစ်သတ်
DVB
·
September 10, 2025

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ဘုရားကုန်းကျေးရွာမှာ စက်တင်ဘာ ၇ ရက် ည ၈ နာရီလောက်က  အရက်မူး အော်ဟစ်ဆဲဆိုနေတဲ့ စစ်သား ၂ ယောက်ကို စစ်ကောင်စီတပ် အရာရှိက လာရောက်ပစ်သတ်သွားတယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သား ၂ ယောက်ဟာ ဘုရားကုန်းကျေးရွာကို ရောက်လာပြီး အရက်လာဝယ်သောက်ပြီးနောက် ရွာထဲမှာ အော်ဟစ်ဆဲဆိုတာ၊ ရွာခံအမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် ရမ်းကားတာတွေ လုပ်နေလို့ အရပ်သားတွေက စစ်ကောင်စီတပ်ကို ဖုန်းဆက်အကြောင်းကြားရာမှာ အရာရှိတွေ ရောက်လာခဲ့ပြီး သူတို့လူတွေကို ထိန်းမရတဲ့အတွက် ပစ်သတ်သွားခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံ အရပ်သားတယောက်က “မူးယစ်ရမ်းကားပြီး သေနတ်တွေနဲ့ လိုက်ပစ်တယ်။ ရွာထဲက မိန်းကလေးတွေကိုလည်း သူတို့မိန်းမနဲ့တူတယ်လို့ ဆိုပြီး လိုက်ဖက်နမ်းနေလို့ ရွာထဲက တပ်ကို အကြောင်းကြားတော့ တပ်ကအရာရှိဆိုသူက ရောက်လာပြီး တခါတည်း ပစ်သတ်သွားတာ” လို့ ပြောပါတယ်။

အဲဒီ မူးယစ်ရမ်းကားနေလို့ ပစ်သတ်ခံရတဲ့ စစ်ကောင်စီ တပ်သား ၂ ယောက်ဟာ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ကနေ စစ်ဆင်ရေးထွက်လာတဲ့ စစ်သားတွေ ဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “စစ်သား ၂ ယောက်က ဘုရားကုန်းရွာထဲက အရပ်သား မိန်းကလေးတွေကို ထိကပါး ရိကပါး လုပ်တယ်လို့ သိရတယ်။ အရာရှိက သွားထိန်းတာပါ။ မရဘဲ အရာရှိကို ပြန်ဆဲဆိုလို့ ပစ်သတ်သွားတာ။ အလောင်းတွေကို အရပ်သားတွေ မြှုပ်လိုက်ရတာ” လို့ ပြောပါတယ်။

အဲဒီ ပစ်သတ်ခံရတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်နဲ့တူ သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည်ဆန် ၂၀၀ ကျော် ပါလာတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013