Home
မြန်မာသတင်း
အင်္ဂပူတွင် စစ်သား ၇ ဦးထွက်ပြေးပြီး ၃ ဦး ပစ်ခတ်ဖမ်းဆီးခံရ
DVB
·
August 22, 2025
Photo: Min Tnu

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့အခြေစိုက် တပ်ရင်းကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား ၇ ယောက်ထဲက ၃ ယောက် ပစ်ခတ်ဖမ်းဆီးခံရပြီး ၄ ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သြဂုတ် ၁၈ ရက် ညနေပိုင်းက ကွင်းကောက်မြို့အခြေစိုက် တပ်ရင်း တတက အမှတ် ၅ ကနေ စစ်ကောင်စီတပ်က ၇ ယောက် ထွက်ပြေးသွားတာဖြစ်ပြီး ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား ၇ ယောက်ထဲက ၃ ယောက် သြဂုတ် ၂၁ ရက်က ပစ်ခတ်ဖမ်းဆီးခံရပြီး ၄ ယောက် လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “မနေ့ ညနေ ၆ နာရီကျော်ကျော်မှာ ပြန်ဖမ်းခံရတာ။ စစ်တပ်က လိုက်ပြီး သေနတ်နဲ့ ပစ်ခတ်ဖမ်းတာ။ ပြန်မိတဲ့ ၃ ယောက်ထဲက ၂ ယောက်က သေနတ်ဒဏ်ရာ ၄ ချက်လောက်ရတယ်။ လောလောဆယ်တော့ မသေသေးဘူး။ အတူတူပြေးတဲ့ အဖွဲ့ထဲက ၄ ယောက်က လွတ်မြောက်သွားတယ်” လို့ ပြောပါတယ်။

ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား ၇ ယောက်ထဲက ၃ ယောက်ကို ဟင်္သာတမြို့၊ (ငဝန်တံတား) မြို့ကွင်းနဲ့ နွားခြံကျေးရွာအနီးမှာ ပြန်လည်ဖမ်းမိခဲ့တာဖြစ်ပြီး ခြေထောက်တွေကို အဓိက သေနတ်ပစ်ခတ်ခံထားရတာလို့ တပ်နဲ့နီးစပ်သူဆီက သိရပါတယ်။

ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “တံတားအနားမှာ ပစ်ခတ်သံတွေကြားရတော့ တိုက်ပွဲဖြစ်တယ် ထင်ကုန်ကြတာ။ စစ်သားတွေ ရွာထဲလာစုံစမ်းတော့မှ စစ်သားတွေ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းတာလို့ သိရတာ။ စစ်ကားပေါ် ဆွဲတင် ခေါ်သွားတာတော့ တွေ့ရတယ်” လို့ ပြောပါတယ်။

ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ စစ်မှုထမ်းတပ်သားသစ်တွေ ပါဝင်ပြီး အခုလို ဖမ်းခံရဖို့ စစ်ကောင်စီတပ်ရဲ့ သတင်းပေးတချို့နဲ့ နယ်မြေခံ အုပ်ချုပ်ရေးမှူးတွေရဲ့ သတင်းပေးမှုကြောင့် ပြန်လည်ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ရဲတွေက ထွက်ပြေးစစ်သားတွေကို လက်ခံမထားဖို့၊ တွေ့ရှိပါက အကြောင်းကြား ဆက်သွယ်ပေးဖို့၊ ဝှက်ထားပေးပါက အိမ်ရှင်ပါ ဖမ်းဆီးခံရမယ်လို့ တပ်သားတွေ ပြန်အဖမ်းခံရတဲ့ နေရာက အရပ်သားတွေကို ခြိမ်းခြောက် ပြောဆိုထားတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013