
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်ထဲက ညောင်ကျိုးကျေးရွာမှာ ကမ်းပါးတွေ ဆိုးဆိုးဝါးဝါး ပြိုကျခဲ့လို့ ဓာတ်တိုင်တွေလည်း ကမ်းပြိုကျတဲ့အထဲ ပါသွားပြီး လမ်းပန်းဆက်သွယ်ရေးရော၊ လျှပ်စစ်မီးပါ ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညောင်ကျိုးဒေသ ကညင်တပင်နဲ့ မကျီးစုကျေးရွာကြားက အင်္ဂပူ - ညောင်ကျိုး လမ်းပိုင်းဟာ ငဝန်မြစ်ရေတိုက်စားလို့ ပြီးခဲ့တဲ့ သြဂုတ်လကစတင် ပြိုကျလာတာဖြစ်ပြီး စက်တင်ဘာလထဲမှာတော့ ဆက်သွယ်ရေးကားလမ်းနဲ့ လျှပ်စစ်မီးတိုင် ၂၂ တိုင် ကမ်းပါးပြိုကျတဲ့အထဲ ပါသွားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ကားလမ်းကလည်း တခုလုံးကို ကမ်းပြိုကျတဲ့အထဲ ပါသွားပြီ။ အခု လျှပ်စစ်မီးတိုင်တွေပါ ကမ်းပြိုကျတဲ့အထဲ ပါသွားတော့ လမ်းပန်းဆက်သွယ်ရေးအပြင် လျှပ်စစ်မီးပါ ပြတ်တောက်နေတာ။ အတော်ဒုက္ခရောက်နေတာ” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ ကမ်းပါးပြိုကျပျက်စီးသွားတဲ့အထဲ ပါသွားတဲ့ ဓာတ်တိုင် ၂၂ တိုင်အတွက် ၁၀ တိုင်ကို အစားထိုး ပြန်လည်စိုက်ထူပြီးပြီဖြစ်ပြီး လျှပ်စစ်မီးလိုင်းပြတ်တောက်သွားတဲ့ ဒေသတွေအတွက် လျှပ်စစ်မီး အမြန်ဆုံးပြန်လည်ရရှိနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်ဌာနက သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဒေသခံ ရပ်မိရပ်ဖတယောက်က ဂလျှပ်စစ်မီးက လာရင်တောင် မီးကမမှန်တာ၊ အခုလိုဆို ပိုဆိုးတယ်။ ကမ်းပါးပြိုကျမှု စဖြစ်ကတည်းက သက်ဆိုင်ရာကို တင်ပြတာ ပြုပြင်တာ၊ ကာကွယ်တာ တခုမှမလုပ်ခဲ့ပါဘူး” လို့ ပြောပါတယ်။
လျှပ်စစ်မီးမရလို့ လျှပ်စစ်အသုံးပြုလုပ်ကိုင်နေရတဲ့ အလုပ်တွေ ရပ်ဆိုင်းထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီ ကားလမ်း ကမ်းပါးပြိုကျတဲ့အထဲပါသွားတာကြောင့် ညောင်ကျိုး၊ ဂျိုးကုန်း၊ မဲဇလီကုန်း စတဲ့ ကျေးရွာ ၁၄ ရွာလောက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ကမ်းပါးဟာ စက်တင်ဘာ ၇ ရက် ဒီနေ့အထိ ဆက်လက်ပြိုကျနေတယ်လို့ သိရပါတယ်။
လမ်းပိုင်းကို ပြုပြင်ပေးဖို့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးအဖွဲ့ကို ဒေသခံတွေက တင်ပြထားပေမယ့် ဒီနေ့အထိ ပြင်ဆင်တာမတွေ့ရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။