
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စု အုတ်သျှစ်ကုန်းကျေးရွာမှာ ငဝန်မြစ်ရေ တိုက်စားမှုဒဏ်ကြောင့် မြစ်ကမ်းပါး ပြိုကျကာ လူနေအိမ် ၇ လုံးကို အရေးပေါ်ဖြိုဖျက်ပြီး ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၉ ရက်က စတင်ပြီး ငဝန်မြစ်ရေ တိုက်စားကာ မြစ်ကမ်းပါးတွေ ပြိုကျလာလို့ သြဂုတ် ၁၁ ရက်ထိ အင်္ဂရမ်းကျေးရွာအုပ်စု၊ အုတ်သျှစ်ကုန်းကျေးရွာက လူနေအိမ် ၇ လုံးကို ဖျက်သိမ်းပြီး ကမ်းပြိုဘေးလွတ်တဲ့ဆီ ပြောင်းရွှေ့ပေးခဲ့ရတာပါ။
ကူညီရွှေ့ပြောင်းပေးသူတယောက်က “မြစ်ကမ်းပါး ပေ ၂၀၀ နီးပါးအထိ ပြိုကျလာတာ။ ဆက်နေရင် အန္တရာယ်ရှိလာနိုင်လို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေအိမ်တွေကို ရွှေ့ပြောင်းရတာပါ။ အကုန်လုံး နေအိမ် ၇ လုံးပါ။ လက်ရှိ ဒေသခံတွေ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်” လို့ ပြောပါတယ်။
အခု ပြောင်းရွှေ့ထားရတဲ့ ဒေသခံတွေဟာ လတ်တလော မိသားစုတွေရဲ့ နေအိမ်တွေနဲ့ တာပေါင်တွေအပေါ် ယာယီတဲထိုး နေထိုင်နေရပြီး နေအိမ်ပြန်လည်တည်ဆောက်ဖို့ မြေနေရာနဲ့ တခြားအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနဲ့ နီးစပ်သူက “နေအိမ်ဖျက် ပြောင်းရွှေ့ရတာက အန္တရာယ်ရှိတဲ့ အခြေအနေကြောင့်ပါ။ ကြိုတင်ပြောင်းရွှေ့ခဲ့လို့ အိမ်တွေလောက်ပဲ ဆုံးရှုံးတာ။ လူတွေ ဘာတွေ ထိခိုက်တာ မရှိပါဘူး။ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို သက်ဆိုင်ရာက စီစဉ်ပေးနေပါတယ်” လို့ ပြောပါတယ်။
ကမ်းပြိုကျလို့ ဒေသခံတွေဟာ မိသားစုတွေရဲ့ နေအိမ်တွေဆီနဲ့ ကိုယ်ပိုင် လယ်မြေကွက်လပ်တွေဆီကို အိမ်တွေဖျက်ကာ မဖြစ်မနေ ပြောင်းရွှေ့ခဲ့ရပေမဲ့ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိခဲ့ပါဘူး။