Home
မြန်မာသတင်း
ဟင်္သာတအခြေစိုက် ခလရ ၁၈ က စစ်သား ၈ ဦး ထွက်ပြေး
DVB
·
August 8, 2025
Photo: KKL

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတအခြေစိုက် တပ်ရင်းကနေ စစ်သား ၈ ယောက် ထွက်ပြေးသွားတယ်လို့ ဟင်္သာတအခြေစိုက် တပ်ရင်းနဲ့ နီးစပ်သူဆီက သိရပါတယ်။

ရခိုင်ပြည်နယ် စစ်ဆင်ရေးကို ပို့မယ့် စစ်သားတွေထဲက ၈ ယောက်ဟာ ဟင်္သာတအခြေစိုက် ခလရ ၁၈ တပ်မှာ စုဆောင်းထားစဉ် သြဂုတ် ၇ ရက် ညနေပိုင်းမှာ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

ဟင်္သာတ ခလရ ၁၈ တပ်ရင်းနဲ့ နီးစပ်သူက “ရခိုင်က AA ထိန်းချုပ်ဒေသတွေ ပြန်ရဖို့ စစ်ဆင်ရေး လုပ်ရမှာဖြစ်လို့ ရခိုင်ဘက်ပို့တာလို့ သိပြီးနောက် ထွက်ပြေးတာပါ၊ အားလုံး ၈ ယောက်လို့ သိရတယ်” လို့ ပြောပါတယ်။

ဟင်္သာတ ခလရ ၁၈ တပ်ရင်းမှာ မအူပင်၊ ပုသိမ်၊ ဓနုဖြူ၊ ကျိုက်လတ်၊ အင်္ဂပူ၊ ရန်ကုန် စတဲ့မြို့နယ်တွေကနေ စစ်မှုထမ်းတပ်သားအဖြစ် အဓမ္မ စုဆောင်းခံထားရတဲ့ တပ်သားသစ် အယောက် ၁၀၀ ဝန်းကျင်အထိ ရှိနေပြီး ရခိုင်ပြည်နယ်ဘက်ကိုပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဟင်္သာတ ခလရ ၁၈ တပ်ရင်းနဲ့ နီးစပ်သူက “အခုထွက်ပြေးတဲ့ တပ်သားတွေက စစ်မှုထမ်း တပ်သားတွေချည်းပဲလို့ တပ်အသိုင်းအဝိုင်းကပြောလို့ သိရတယ်။ နယ်မြေကျွမ်းကျင်ရင်တော့ လွတ်မယ်။ မကျွမ်းကျင်ရင်တော့ ကျိန်းသေ ပြန်ဖမ်းခံရမှာ သေချာတယ်။ အခုမနက် အသည်းအသန် လိုက်ရှာနေတယ်” လို့ ပြောပါတယ်။

အဲဒီ အရပ်သားလူငယ်တွေဟာ စစ်တပ်နဲ့ ရပ်၊ ကျေးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ပူးပေါင်းပြီး ဖိအားပေး ခေါ်ယူစုဆောင်းခဲ့တာကြောင့် အခြေအနေပေးတာနဲ့ အခုလို ထွက်ပြေးနေတာလို့ အရပ်သားတွေက ဆိုပါတယ်။

ဟင်္သာတ ခလရ ၁၈ တပ်ထဲမှာ စုဆောင်းထားပြီး ရခိုင်ပြည်နယ်ဘက် ပို့ဖို့ စီစဉ်ထားတဲ့ တပ်သားသစ်တွေဟာ အသက် ၁၈ ကနေ ၂၅ နှစ်အတွင်း လူငယ်တွေအများစု ပါဝင်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဟင်္သာတဘက်က နေရာတချို့မှာ စစ်တပ်က အာရက္ခတပ်တော်နဲ့ PDF တပ်တွေကို ခုခံဖို့ ခံစစ်ပြင်ဆင်ထားသလို ရပ်ရွာလုံခြုံရေး တိုးမြှင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013