Home
မြန်မာသတင်း
ဟင်္သာတတွင် သင်္ကြန်အတွက် လုပ်ငန်းရှင်များထံမှ အုပ်ချုပ်ရေးမှူးများ ကောက်ထားသည့်ငွေ ပြန်မရ
DVB
·
April 20, 2025

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက သင်္ကြန်ပွဲ စည်စည်ကားကား ပြုလုပ်ဖို့ဆိုကာ လုပ်ငန်းရှင်တွေဆီက ကောက်ယူထားတဲ့ ပိုက်ဆံတွေကို သင်္ကြန်ပွဲ မကျင်းပဖြစ်ပေမဲ့ ပြန်မရတော့ဘူးလို့ ဟင်္သာတမြို့ခံ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

စစ်ကောင်စီခန့် ဟင်္သာတခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက အခုနှစ် သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပပြုလုပ်ဖို့အတွက်ဆိုပြီး ဆန်စပါးလုပ်ငန်းရှင်တွေ၊ မြစ်သဲကျောက် လုပ်ငန်းရှင်တွေ၊ လိုင်စင်သမားတွေကို တအုပ်စု၊ ဆန်စက်၊ ဆီစက်၊ စက်သုံးဆီဆိုင်၊ ကုန်စည်ဒိုင်တွေကို တအုပ်စု၊ စားသောက်ဆိုင်၊ အရက်လိုင်စင်၊ ဟိုတယ် တအုပ်စု စသဖြင့် အုပ်စုလိုက်ခွဲကာ သင်္ကြန်ပွဲအတွက် အလှူငွေလို့ ခေါင်းစဉ်တပ်ပြီး မထည့်မနေရ အတင်းအကျပ် ကောက်ယူခဲ့တာလို့ ဆိုပါတယ်။

ဟင်္သာတမြို့ခံ လုပ်ငန်းရှင် အမျိုးသားတယောက်က “နာမည်တပ်ပြီး တယောက်ချင်းစီ သင်္ကြန်အတွက် နှုန်းထားတခု သတ်မှတ်ပြီး ကောက်ယူခဲ့တာ။ ၂ သိန်းစီ အနည်းဆုံး သတ်မှတ်ကောက်ယူခဲ့တာ။ ၃ သိန်းအထိ ထည့်ရသူတွေလည်းရှိတယ်။ လုံးဝပြန်မရပါဘူး” လို့ ပြောပါတယ်။

ဟင်္သာတမြို့မှာ အကအခုန်တွေနဲ့ သင်္ကြန်ပွဲ မလုပ်ခဲ့ပေမဲ့ အပျော်အပါးတွေနဲ့ လုပ်ဖို့ ပြင်ဆင်ထားတဲ့ သင်္ကြန်မဏ္ဍပ်တွေကို လမ်းလျှောက်သင်္ကြန်မဏ္ဍပ်နဲ့ စတုဒိသာမဏ္ဍပ်လို့ နာမည်ပြောင်းပြီး အေးသင်္ကြန်လို့ အမည်ပေးကာ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖိအားပေး ခေါ်ယူပြီး နေ့စဉ် ရေပက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဟင်္သာတမြို့ခံ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတယောက်က “ငွေကောက်တာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် ကောက်ယူထားတာ။ မထည့်တဲ့သူ မရှိသလောက်ပဲ။ တချို့က သည်းခံတာပေါ့နော်။ တချို့က အလုပ်ဖြစ်ရေး ထည့်တာပါ။ အလှူငွေက ဓားပြတိုက်သလို လုပ်သလို လုပ်လို့မှမရတာ။ သဒ္ဓါရင် အခုထက်တောင် ထည့်ချင်ထည့်မှာ” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် ဟင်္သာတခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က လုပ်ငန်းရှင်တွေဆီကနေ သင်္ကြန်ပွဲအတွက် ကောက်ယူထားတဲ့ငွေဟာ ပျမ်းမျှ သိန်း ၆၀၀ ကနေ သိန်း ၁,၀၀၀ ကြားမှာ ရှိမယ်လို့ သိရပြီး ဧပြီ ၂၀ ရက်အထိ ကောက်ယူထားတဲ့ငွေ ပြန်မရသေးတာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013