
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ ကမ်းနားလမ်းက စစ်ကောင်စီရဲ့ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်ကို တိုင်းဝန်ကြီးချုပ် လာချိန် စောင့်ကြိုရေကစားပါက ကျပ် ၁၀၀၀၀ ပေးမယ်ဆိုပြီး စည်းရုံးခေါ်ဆိုခဲ့ပေမဲ့ ငွေမရကြဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီက ပုသိမ်ကမ်းနားလမ်းမှာ လမ်းလျှောက်သင်္ကြန်နဲ့ စတုဒီသာ ဗဟိုမဏ္ဍပ် ဆောက်လုပ်ထားပြီး ဧပြီ ၁၄ ရက်မနက် သင်္ကြန်အကျနေ့မှာ တိုင်းဝန်ကြီးချုပ် တင်မောင်ဝင်း အလာကို အကြိုရေကစားပေးပါက ကျပ် ၁၀၀၀၀ ပေးမယ်ဆိုပြီး အရပ်ထဲ စည်းရုံးခဲ့တာလို့ ဆိုပါတယ်။
ပုသိမ်ဒေသခံတယောက်က “၀န်ကြီးချုပ် လာတဲ့နေ့ မနေ့ အကျနေ့က ဗဟိုမဏ္ဍပ်မှာ လာရေကစား၊ စတုဒိသာမဏ္ဍပ်ထဲမှာ မုန့်လာစားရင် ဓာတ်ပုံရိုက်ပြီးတာနဲ့ မုန့်ဖိုး တသောင်း ပေးမယ်လို့ စည်းရုံးခဲ့တာ။ လာစည်းရုံးထားတဲ့သူတွေဆီ သွားတောင်းတော့ မရတာ။ ဟိုနေ့က မရသေးတာတို့၊ ဒီကနေ မရသေးတာတို့ ပြောတာ” လို့ ပြောပါတယ်။
တိုင်းဝန်ကြီးချုပ် အလာကို စောင့်ကြိုရေကစားပါ၊ ကျပ် ၁၀၀၀၀ ပေးမယ်လို့ ပြောဆိုကာ ငွေနဲ့ စည်းရုံးခဲ့ပေမဲ့ လာတဲ့သူနည်းပြီး ငွေလိုချင်တာကြောင့် သွားတဲ့သူ အယောက် ၂၀ လောက် ငွေမရဖြစ်နေတာလို့ ဆိုပါတယ်။
ပုသိမ် အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူက “ရေလာကစားတဲ့သူတွေကို အေးသင်္ကြန်ဆော့ပါပေါ့၊ စောင့်ပြောပြီး လုံခြုံရေးအတွက် စစ်ဆေးတာပေါ့နော်။ စစ်ကောင်စီရဲ့ ဝန်ကြီးချုပ်အလာမှာ ရေကစားပြီး စတုဒိသာ စားတဲ့ အမူအရာနဲ့ ဓာတ်ပုံမှတ်တမ်းယူပြီး ပိုက်ဆံပေးမယ်လို့ စည်းရုံးခဲ့တာ ဟုတ်တယ်” ပြောပါတယ်။
စစ်ကောင်စီခန့် ၀န်ကြီးချုပ် မလာခင်ကတည်းက အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေကို ၀န်ကြီးချုပ် လာမယ့် လမ်းတလျှောက် ရပ်ကွက်တွေက စတုဒိသာမဏ္ဍပ်တွေ ဆောက်ပြီး မုန့်တွေ ကျွေးနေဖို့နဲ့ ၀န်ကြီးချုပ် လာတဲ့နေ့မှာ ဗဟိုမဏ္ဍပ်မှာ မုန့်လာစားရင် မုန့်ဖိုးပေးမယ်ဆိုကာ စည်းရုံးခေါ်ဆိုခိုင်းတာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီခန့် ဧရာ၀တီတိုင်း ၀န်ကြီးချုပ် တင်မောင်ဝင်းက မလာခင်နဲ့ လာပြီးချိန်တွေမှာ ပုသိမ်မြို့က ဈေးချောင်းလမ်းထိပ်၊ ရွှေစေတီလမ်း၊ ပုသိမ်တံတား၊ ပုသိမ် လမ်းမကြီးအောက်တွေမှာပါ လမ်းတွေကို ပိတ်ထားပြီး လုံခြုံရေးကို စစ်ကောင်စီတပ်တွေအပြင် အရပ်၀တ်တွေနဲ့ပါ တင်းကျပ်ထားခဲ့တယ်လို့ သိရပါတယ်။
Photo: Tun Myat