
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ သင်္ကြန်မဏ္ဍပ်တွေကို စစ်ကောင်စီက ပြန်လည်ဖျက်သိမ်းနေပြီး တိုင်းအစိုးရ ဗဟိုမဏ္ဍပ်ကိုတော့ မဖျက်ဘဲထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းအတွင်း အခုနှစ်သင်္ကြန်ပွဲတော်ကို စည်းစည်းကားကား ကျင်းပမယ်ဆိုပြီး စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် တင်မောင်ဝင်းက ဦးဆောင်ပြင်ဆင်ခဲ့တာပါ။
စစ်ကိုင်းကို ဗဟိုပြုလှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အခုနှစ်သင်္ကြန်ပွဲတော်ကို အကအခုန် အပျော်အပါးတွေနဲ့ မလုပ်တော့ဘူးလို့ စစ်ကောင်စီက ကြေညာပြီးနောက် ဧပြီ ၄ ရက်က စတင်ဆောက်လုပ်ထားတဲ့ မဏ္ဍပ်တွေ ပြန်လည်ဖျက်သိမ်းနေပြီး ပုသိမ်မြို့က တိုင်းဗဟိုမဏ္ဍပ်တခုပဲ မဖျက်တာ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပုသိမ်မြို့ခံတယောက်က “ကမ်းနားလမ်းဘက်က မဏ္ဍပ်တွေ အကုန်ဖျက်နေတာ တွေ့ရတယ်။ ပုသိမ်မှာ သင်္ကြန်ကို စည်စည်ကားကားလုပ်ဖို့ အတော်ပြင်ဆင်ထားတာ။ မတတ်သာတဲ့ အခြေအနေမို့ အကျည်းတန်မှာ ကြောက်လို့ ဖျက်နေရတာ” လို့ ပြောပါတယ်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေးအနှစ်စာရင်းဝင်ထားတဲ့ သင်္ကြန်ပွဲတော်ကို အစည်ကားဆုံးလုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားတာကြောင့် ဘတ်ဂျက်အများအပြား သုံးစွဲ ပြင်ဆင်ခဲ့တာဖြစ်ပြီး ဆောက်လုပ်ဆဲနဲ့ ဆောက်လက်စ မဏ္ဍပ် ၁၁ ခုထက်မနည်း ပြန်လည်ဖျက်သိမ်းနေရတာလို့ ဆိုပါတယ်။
တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူက “အခုနှစ်သင်္ကြန်ကို အပျော်အပါးတွေနဲ့ လုံးဝမလုပ်ခိုင်းသလို ကြပ်မတ်ဖို့ပါ ညွှန်ကြားလာတာကြောင့် မဏ္ဍပ်တွေ ပြန်ဖျက်နေရတာ။ ပုသိမ် ကမ်းနားလမ်းမှာပဲ မဏ္ဍပ်မနည်း ပြန်ဖျက်နေရတာ။ ဗဟိုမဏ္ဍပ်မှာတော့ သင်္ကြန်ပွဲကို အလှူအတန်းတွေနဲ့လုပ်ဖို့ရှိလို့ သိရတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ သင်္ကြန်ပွဲတော်အတွက်ဆိုပြီး ပုသိမ် အပါအဝင် မြို့နယ်အချို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ငွေကောက်ခံနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
Photo: ပေးပို့