
စစ်ခေါင်းဆောင်က ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူတွေကို တယောက် ၁၀ သိန်းကျပ် ထောက်ပံ့ပေးသွားမယ်လို့ ဧပြီ ၅ ရက်က နေပြည်တော် အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့သူတွေကို ၁၀ သိန်းကျပ် ထောက်ပံ့မှာဖြစ်သလို အဆောက်အအုံ ပျက်စီးမှုတွေကိုလည်း ထောက်ပံ့ကြေးပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
“သေဆုံးသူတွေကို ၁၀ သိန်းပေးမယ်၊ ပြိုကျ ပျက်စီးတာတွေလည်း ထောက်ပံ့ကြေးပေးဖို့ စီစဥ်နေတယ်။ ငလျင်ကိုအကြောင်းပြုပြီး စျေးတင်ရောင်းတာတွေ မလုပ်ဖို့ လုပ်ငန်းရှင်တွေကို တိုင်းအစိုးရက စောင့်ကြည့်ရမယ်။”
နိုင်ငံပေါင်း ၂၄ နိုင်ငံက မြန်မာနိုင်ငံ ငလျင်အတွက် လှူဒါန်းထားတဲ့အလှူငွေမှာ ဒေါ်လာသန်းချီရှိပြီး စစ်ကောင်စီက သေဆုံးသူအကုန်လုံးအတွက်ပေးတဲ့ ထောက်ပံ့ကြေးမှာ ပြည်တွင်းအလှူရှင် တယောက်ရဲ့ အလှူငွေတောင် မရှိဘူးလို့ ပြည်တွင်းပရဟိတသမားတယောက်က DVB ကို ပြောပါတယ်။
“ခိုင်နှင်းဝေတောင် သေတဲ့သူတယောက်ကို သိန်း ၁၀၀ ပေးတာ၊ ဒီလောက်အလှူငွေအများကြီး ရထားတဲ့ စစ်တပ်က ဒီလောက်ပဲပေးတယ်ဆိုတော့ စဥ်းစားကြည့်၊ နောက်ဆုံး Update သေဆုံးသူ ၃,၃၅၄ ယောက်ပဲရှိတယ်၊ ၁၀ သိန်းနဲ့ပေးရင် သိန်း ၃၀,၀၀၀ ကျော်ပဲကုန်မယ်။ ဒီငွေပမာဏက ပြည်တွင်းကအလှူရှင်တဦး လှူထားတဲ့ငွေလောက်ပဲရှိတာ။”
ဒါ့အပြင် စစ်ခေါင်းဆောင်က နိုင်ငံတကာမှာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် အစားအသောက်တွေ၊ တကိုယ်ရေသုံးပစ္စည်းတွေနဲ့ ယာယီနေထိုင်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေနဲ့ ယာယီဆေးရုံတွေ လုံလောက်စွာရရှိစေဖို့ ထပ်မံ အကူအညီ တောင်းထားတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီက ဧပြီ ၄ ရက်အထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သေဆုံးသူ ၃,၃၅၄ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၄,၅၀၈ ယောက်နဲ့ ပျောက်ဆုံးသူ ၂၂၀ ရှိတယ်လို့ သိရပေမဲ့ မြေပြင်အချက်အလက်တွေနဲ့ ကွဲလွဲနေတယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။