
ကဗျာဆရာ မောင်ချောနွယ်ကတော့
“လူတယောက်ယောက်ကို
လက်သီးနဲ့ ထိုးဖို့ဆိုတာ
ကိုယ့်မှာမေးရိုးရှိရတယ် တဲ့၊
ငါ့လက်သီးတွေက
မင်းဆီသက်ရောက်ဖို့
ငါ့မှာ မေးရိုးရှိတယ်။
ခုတော့ မင်းမှာ မေးရိုးမရှိဘဲ
မင့် လက်သီးတွေ
ငါ့အပေါ် လာလာသက်ရောက်နေတာ
အမှန်တရားရေ
မင်း တရားလွန်လွန်းပြီ” လို့ ကဗျာလက်နက်ကြီးနဲ့ မတရားမှုတွေကို ဆန့်ကျင်ခဲ့ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ လက်နက်အားကိုးနဲ့ နှစ်ပေါင်း ၇၀ ကြီးစိုးဗိုလ်ကျနေကြတဲ့ စစ်အခွင့်ထူးခံအုပ်စုဟာ သတ္တိအနည်းဆုံး မေးရိုးမဲ့စစ်သတ္တဝါဆိုးတွေ ဖြစ်ကြပါတယ်။ သူတို့မှာ မှန်တာကို ပြောရဲတဲ့သတ္တိ မရှိဘူး။ မှားတာကို ဝန်ခံရဲတဲ့သတ္တိ မရှိဘူး။ ကိုယ့်လုပ်တဲ့ကိစ္စကို တာဝန်ယူရဲတဲ့ သတ္တိမရှိဘူး။ ဒါပေမဲ့ လက်နက်ပြပြီး လက်နက်မဲ့တွေ ပြည်သူလူထုအပေါ်မှာတော့ သူတို့က သတ္တိခဲကြီးတွေပမာ ဟန်ဆောင်ပြောဆို ကြိမ်းဝါးလုပ်ကိုင်တတ်ကြပါတယ်။
လက်နက်ခဲယမ်းအပြည့် စစ်ကျွန်တပ်အားကိုးနဲ့ ကျနော်မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ပြည်သူကို ခြိမ်းခြောက်ရဲတဲ့ ဘုရင်ရူး မင်းအောင်လှိုင်နဲ့ လက်နက်မရှိတဲ့ ဆန္ဒပြပြည်သူလူထုကို မောင်းပြန်သေနတ်တွေနဲ့ ချိန်ထားပြီးမှ သေရဲတဲ့ကောင်တက်ခဲ့လို့ ပြောရဲတဲ့ သတ္တိရှင် စစ်သားဆိုးတွေဟာ မေးရိုးမဲ့စစ်သတ္တဝါဆိုးတွေပါပဲ။
လူဖျင်း လူညံ့ လူမိုက်တွေဟာ သူ့မှာ အာဏာပါဝါရှိရင်၊ သူ့ဘက်က နိုင်မယ်ထင်ရင်၊ သူ့ဘက်က အင်အားကြီးတယ်လို့ထင်ရင် တပါးသူတွေကို မတရားမှုပြုတတ်၊ ဗိုလ်ကျအနိုင်ကျင့်တတ်၊ မောက်မောက်မာမာနဲ့ ဆက်ဆံပြောဆို လုပ်ကိုင်တတ်ကြပါတယ်။ သူရထားတဲ့ အာဏာပါဝါကို သူ့အကျိုးစီးပွားအတွက် မရှက်မကြောက် အသုံးချတတ်ပါတယ်။ အဲဒီအချိန်မှာ သူသာ သတ္တိအရှိဆုံး၊ သူသာအမှန်ဆုံး၊ သူသာအသိဆုံး အတတ်ဆုံး၊ သူသာ အတော်ဆုံး ထင်နေကြလေ့ ရှိပါတယ်။
အဲဒီလို အနှစ်အဆံမရှိတဲ့ လူ့ဗာလတွေဟာ သူ့ဘက်က အရေးနိမ့်လာပြီ၊ သူ့မှာရှိတဲ့ အာဏာပါဝါတွေ ပျောက်ဆုံးတော့မှာသိလာရင်၊ သူ့အင်အားတွေ လျော့ပါးလာပြီ ဆိုရင်တော့ အချိုးတွေပြောင်း၊ လေသံတိုးသွားပြီး သူရဲဘောအကြောင်ဆုံးလူ၊ အကြောက်တတ်ဆုံးလူအဖြစ် ရုတ်တရက်ကြီး ပြောင်းလဲသွားတတ်ကြတာ လူ့သမိုင်းမှာ မကြာခဏ ကြုံတွေ့ရလေ့ ရှိပါတယ်။
အဲဒီလိုပါပဲ၊ ဒီကနေ့ မြန်မာနိုင်ငံမှာ နိုင်ငံတော်အာဏာကို ပြည်သူ့ထံကနေ လက်နက်အားကိုးနဲ့ လုယက် ဓားပြတိုက်ယူထားတဲ့ ဘုရင်ရူး မင်းအောင်လှိုင်နဲ့ လက်ပါးစေ လူဆိုးလူမိုက် လူယုတ်မာတွေဟာလည်း သူတို့မလုပ်ရဲတာ ဘာမှမရှိဘူးလို့ လူပုံအလည် ပြောခဲ့ကြတဲ့ ဂုဏ်သိက္ခာမဲ့ စစ်မကောင်းဆိုးဝါးတွေဖြစ်သလို သူတို့ အရေးနိမ့်လာပြီ၊ လွတ်လမ်းမရှိတော့ဘူး ဆိုရင် သတ္တိအနည်းဆုံး၊ သူတို့ရက်စက်ခဲ့သမျှ ပြန်ခံရမှာ အကြောက်တတ်ဆုံးသူတွေ ဖြစ်သွားကြတာပါပဲ။
မင်းအောင်လှိုင်ဟာ သူ့လက်အောက်က စစ်အာဏာရှင် ဓားပြတပ်ထဲမှာ စစ်အခွင့်ထူးခံ သတ္တဝါဆိုး ၈၀ ရာခိုင်နှုန်းကျော်ဟာ ပြည်သူလူထုဆန္ဒကို ဆန့်ကျင်ပြီး ဒီမိုကရေစီစနစ်ကို မနှစ်သက်၊ လက်မခံကြဘဲ စစ်အာဏာရှင်စနစ်ကို ဆက်အသက်သွင်းလိုကြတယ်ဆိုတာ တပ်တွင်းဆွေးနွေးပွဲတွေ၊ သဘောထားကောက်ခံမှုတွေအရ သိရှိခဲ့ပုံရတာက တကြောင်း၊ သာသနာပိုင် အရူး သီတဂူလို ဘုန်းကြီးမိုက်က သူနဲ့ စစ်အာဏာရှင်နောက်မှာ သံဃာ ၄ သိန်းအား ရှိနေပါတယ်လို့ မဟုတ်မမှန်ဘဲ လူမိုက်အားပေးစကား မိန့်ကြားခဲ့တာကလည်း သူ့ကို အခုလို သမိုင်းဆိုးတွင်ကျန်ရစ်မယ့် မိုက်မိုက်မဲမဲ အာဏာလုယက်မှုကြီးကို ကျူးလွန်ရဲစေအောင် တွန်းအားပေးဖြစ်ခဲ့ပုံရပါတယ်။
သူတပါးကို မတရားသဖြင့် ဒုက္ခပေးရဲခဲ့သူတွေ ကိုယ့်အလှည့် ရောက်တဲ့အခါမှာလည်း ညီမျှတဲ့ ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိရပါလိမ့်မယ်။ အလှည့်ကျတော့ မနွဲ့ကြစတမ်းဆိုတဲ့ စကားလိုပေါ့။ ကိုယ်ပိုင်မေးရိုးမရှိဘဲ ဘာမဆို လုပ်ရဲတယ်လို့ ပြောခဲ့တဲ့ ဘုရင်ရူး မင်းအောင်လှိုင်ဟာ ဘာမဆို ခံရဲဖို့ ပြင်ထားရပါလိမ့်မယ်။
စစ်အာဏာရှင်မျိုးဆက် ၃ ဆက်ရဲ့ လုပ်ရပ်နဲ့ သမိုင်းဆိုးတွေ လေ့လာလိုက်မယ်ဆိုရင် ကိုယ်ပိုင်မေးရိုးမရှိဘဲ သူတပါးကို တဖက်သတ် ထိုးနှက်တိုက်ခိုက်တတ်ပေမဲ့ သူတို့ပြန်ခံရမှာကို အလွန်ကြောက်လန့်တတ်ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
စစ်အာဏာရှင် ပထမမျိုးဆက်က နေဝင်း ဆိုရင်လည်း ပြည်သူ့အာဏာကို လုယူခဲ့ပြီးတဲ့နောက် ၁၉၆၂ ခု ဆဲဗင်းဇူလိုင် အရေးအခင်းမှာ လက်နက်မဲ့ တက္ကသိုလ်ကျောင်းသားတွေကို ရန်ကုန်တက္ကသိုလ်ဝင်းထဲအထိ ရက်ရက်စက်စက် သေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။ နိုင်ငံရေးအတိုက်အခံတွေ အားလုံးကို ဖမ်းဆီးညှဉ်းဆဲ သတ်ဖြတ်ရုံတင်မက အများစုကို တသက်တကျွန်းဒဏ်ပေးပြီး ကိုကိုးကျွန်းကို ပို့ဆောင်လို့ ဘဝအညွန့်တုံးအောင် လုပ်ခဲ့ပါတယ်။
တိုးတက်တဲ့အမြင်ရှိပြီး မတရားမှုကို လက်မခံတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်။
မူလစစ်အာဏာရှင် နေဝင်းဟာ သူ့အလှည့်ပြန်ရောက်ပြီး ခံရမှာကိုကြောက်တော့ ယတြာအမျိုးမျိုး ချေတာတို့ မဟာဝိဇယဘုရား တည်တာတို့ လုပ်ပြီး သူ့အပြစ်ကို ကုစားခဲ့ပေမဲ့ သူမွေးတဲ့မျောက် သန်းရွှေက သူ့ကို ဒုက္ခအကြီးအကျယ်ပေးတာ ခံရပြီး နန်းကျတဲ့အချိန်ကျမှာ ကြောက်ကြောက်လန့်လန့်နဲ့ ဘာသာရေးလိုက်စားခွင့်ရပြီး ဒါကိုသာ ကြိုသိခဲ့ရင် အာဏာမသိမ်းခဲ့ပါဘူးလို့ နောင်တရ မြည်တမ်းခဲ့ပါသတဲ့။
ဒုတိယစစ်အာဏာရှင်လည်းဖြစ် သူ့ဆရာကို သူ လက်စားချေ ရှင်းလင်းပစ်ခဲ့တဲ့ သန်းရွှေနဲ့ လက်ပါးစေ စစ်ဓားပြအုပ်စုကတော့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို လက်နက်အားကိုးနဲ့ပဲ သွေးချောင်းစီး ပစ်ခတ်သတ်ဖြတ်ခဲ့ရာမှာ ရန်ကုန်မြို့တော်ခန်းမရှေ့ တနေရာတည်းတင် ပြည်သူ ၃,၀၀၀ ကျော် အသတ်ခံခဲ့ရပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ပြည်သူသောင်းချီ အသက်ဆုံးခဲ့ကြရပါတယ်။
အဲဒီ စစ်ရာဇဝတ်မှုတွေအပြင် မြောက်မြားစွာသော ညှဉ်းပန်းနှိပ်စက်မှု လူသတ်မှုတွေ ကျူးလွန်၊ ပြည်သူလူထု အိုးအိမ် ဘဝတွေ ဖျက်ဆီးခဲ့ကြတာမို့ သူတို့အလှည့်ပြန်ခံရမှာ ကြောက်တတ်လွန်းတဲ့ မေးရိုးမဲ့ စစ်သတ္တဝါဆိုးတွေဟာ ၂၀၀၈ နာဂစ် စစ်ကျွန် အခြေခံဥပဒေကို ပြည်သူအလိုမတူဘဲ ပြဋ္ဌာန်းခဲ့ရာမှာ မေးရိုးမဲ့စစ်သတ္တဝါဆိုးတွေပီပီ နောက်ကြောင်းပြန် အရေးယူမခံရအောင် ဂုဏ်သိက္ခာမဲ့စွာ သူတို့ရဲ့ ခွင့်မလွှတ်ထိုက်တဲ့ ပြစ်မှုတွေက လွတ်မြောက်ရအောင် လူအများ လှောင်ပြောင်စရာ ပုဒ်မတခုကို ထည့်သွင်းပြဋ္ဌာန်းခဲ့ပါတယ်။
၂၀၀၈ စစ်ကျွန်အခြေခံဥပဒေ ပုဒ်မ ၄၄၅ မှာ ပြည်သူလူထုကို သတ်ဖြတ်ဖို့ ဆုံးဖြတ် အမိန့်ပေးခဲ့ကြတဲ့ နဝတ၊ နအဖ အစိုးရအဖွဲ့ဝင်များအပေါ် တာဝန်အရ (အထက်၏ တာဝန်ပေးချက်အရ) ဆောင်ရွက်ခဲ့ချက်များနှင့် ပတ်သက်ပြီး ထိုစဉ်က တည်ဆဲဥပဒေများကို ချိုးဖောက်ခဲ့ခြင်း ဖြစ်စေကာမူ ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိတယ်လို့ ကိုယ်ပြန်ခံရမှာကို ကြောက်လို့ သတ္တိမဲ့စွာ တာဝန်ယူ တာဝန်ခံမှုမရှိဘဲ အရှက်မဲ့စွာ ဥပဒေပြု ကာကွယ်သွားခဲ့ကြပါတယ်။
ပြည်သူသတ် သန်းရွှေနဲ့ သိန်းစိန်တို့ စစ်အုပ်စုဟာ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမကို နားမလည်သူတွေပီပီ သူတို့အပြစ်တွေ လွတ်လိုလွတ်ငြားနဲ့ ယတြာအမျိုးမျိုးချေ၊ ရွှေတိဂုံပုံတူစေတီတွေ တည်လိုတည်၊ ဗုဒ္ဓဂါယာဘုရားဖူး ထွက်လိုထွက်နဲ့ ဘုရားကု ကုခဲ့ကြပါသေးတယ်။
အခုလက်ရှိ သူတို့တပည့် နောက်ဆုံးစစ်အာဏာရှင် ဘုရင်ရူး ဥစ္စာရူး မင်းအောင်လှိုင်နဲ့ စစ်မကောင်းဆိုးဝါးဂိုဏ်းကတော့ အာဏာရှင်ဟောင်း ၂ ဦးထက် ပိုမိုဆိုးရွားစွာ နိုင်တုံး ရှုံးဖို့မချန်တဲ့ လူမိုက်တွေမို့ လူ့သမိုင်းမှာ အရမ်းကားဆုံး ရက်စက်ကြမ်းကြုတ်မှုတွေကို ဉာဏ်ပညာမဲ့ ကျူးလွန်နေကြဆဲ ဖြစ်ပါတယ်။ အာဏာလုတာကို လက်မခံကြတဲ့ လက်နက်မဲ့ ပြည်သူတွေကို ခေါင်းကိုတည့်တည့်ချိန်ပြီး ဦးနှောက်ထွက်ကျအောင် ပစ်ခတ်သတ်ဖြတ်တာ၊ မနက်ဖမ်း ညနေ အလောင်းလာထုတ်ခိုင်းတာ၊ အရှင်လတ်လတ်ရိုက်သတ်၊ မီးရှို့သတ်ဖြတ်တာ၊ ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက် သတ်ဖြတ်တာ၊ အရပ်သား ရပ်ရွာအိုးအိမ်တွေ၊ ဆေးရုံ ဆေးခန်း၊ ဘုန်းကြီးကျောင်း၊ ဘုရားရှစ်ခိုးကျောင်းတွေ၊ စာသင်ကျောင်းတွေကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်တာတွေကို မရေတွက်နိုင်အောင် ကျူးလွန်နေကြဆဲ ဖြစ်ပါတယ်။
မေးရိုးမဲ့တဲ့ စစ်မကောင်းဆိုးဝါး မင်းအောင်လှိုင်နဲ့ နောက်လိုက် စစ်ဓားပြဂိုဏ်းဟာ သူတို့ အလှည့်ပြန်ခံရမှာ ကြောက်တော့ ရှေ့သွားအာဏာရှင် လူယုတ်မာတွေလမ်းအတိုင်း တရားမသိဘဲ ယတြာအမျိုးမျိုးချေတာ၊ မာရဝိဇယ ကျောက်တုံးဘုရားတည်တာ၊ လူသတ်ရင်း ပရိတ်ရွတ်ကြတာ၊ လက်ပစ်ဗုံး၊ လောင်ချာဗုံးတွေမှာ ဘုရားစာကပ်တာတွေ ပြုလုပ်ရင်း မိုက်တွင်းအနက်ဆုံး တူးမပျက်ကြပါဘူး။
ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ကိုယ့်မှာ လက်နက်အားကြီးရင် သူများကိုသာလုပ်ရဲပြီး ကိုယ်ပြန်ခံရမှာ အကြောက်ကြီးကြောက်တတ်တဲ့ မေးရိုးမဲ့ စစ်သတ္တဝါဆိုးတွေ ဖြစ်ကြတဲ့ ဘုရင်ရူး စစ်မိစ္ဆာ မင်းအောင်လှိုင်နဲ့ အခွင့်ထူးခံ မကောင်းဆိုးဝါးတအုပ်ဟာ ပြည်သူလူထုအပေါ် ရမ်းကားကြမ်းကြုတ်စွာ ခွင့်မလွှတ်ထိုက်တဲ့ စစ်ရာဇဝတ်မှု ကုဋေကုဋာကို မျက်ကန်းတစ္ဆေမကြောက် ကျူးလွန်နေကြဆဲ ဖြစ်ပါတယ်။
တနိုင်ငံလုံးအပေါ် ရိုက်ခတ်ခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီးကြောင့် ဖြစ်ပေါ်လာတဲ့ နှစ် ၁၀၀ အတွင်း အပြင်းထန်ဆုံး ငလျင်ကြီး လှုပ်ခတ်လို့ ပြည်သူလူထုတွေ အဆိုးဝါးဆုံး သေကျေ ဒုက္ခပင်လယ်ဝေနေကြတဲ့အချိန်မှာကို ငလျင်ဘေးသင့်ဒေသတွေမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ လူမဆန်စွာ ကျူးလွန်နေကြတာဟာ သူတို့ရှုံးနိမ့်ပြီး သူတို့အလှည့်ပြန်ခံရမှာ ကြောက်လွန်းတဲ့ ဘယာဂတိ အကြီးစားကြီးနဲ့ မောဟအမှောင်ဖုံးလွှမ်းနေမှုကို ထင်ထင်ရှားရှား မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။
ဘယ်လောက်ပဲ ယတြာချေချေ၊ ဘယ်လောက်ပဲ တားဆီးတားဆီး ရှောင်လွှဲလို့မရနိုင်တဲ့ အကြောင်းရှိရင် အကျိုးရှိလာရမယ်ဆိုတဲ့ လောကနိယာမ တရားသဘောအရ ဘာမဆိုလုပ်ရဲတယ် ဆိုတဲ့ မေးရိုးမဲ့ စစ်သတ္တဝါဆိုးတွေရဲ့ အကုသိုလ်အပြစ်ဆိုးကြီးတွေ ကျူးလွန်ခဲ့ကြတဲ့ အကြောင်းတရားတွေရဲ့ ဆိုးကျိုးတရားတွေကတော့ မလွဲမသွေ ဆိုက်ရောက်လာမှာကိုတော့ ဘယ်သူမှ မတားဆီး မဆန့်ကျင်၊ အန်မတုနိုင်ပါဘူး။ ကိုယ်ပိုင်မေးရိုးမရှိလည်း ဘာမဆို ခံရဲဖို့လည်း ပြင်ထားကြရမှာ ဖြစ်ပါကြောင်း။