မြန်မာနိုင်ငံမှာ ငလျင်ဘေးကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကို နိုင်ငံတကာအနေနဲ့ မျက်ကွယ်မပြုဘဲ စစ်ခေါင်းဆောင်ကို ဖမ်းဆီးအရေးယူပေးဖို့ အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားကို ရောက်နေတဲ့ မြန်မာပြည်သူတွေက ဧပြီ ၅ ရက် မွန်းလွဲပိုင်းမှာ ဆန္ဒပြ တောင်းဆိုပါတယ်။
မူလက ဆန္ဒပြပွဲကို အဆိုတော် ထက်အောင်ရှိုင်းက တကိုယ်တော်ဆန္ဒပြပွဲအနေနဲ့ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ မြောက်ကယ်ရိုလိုင်းနားကို ရောက်နေတဲ့ မြန်မာတွေ ပူးပေါင်းပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားပေမဲ့ ဧပြီ ၃ ရက်နဲ့ ၄ ရက်နေ့က ထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့ ဘင်းစတက် အစည်းအဝေးကို စစ်ခေါင်းဆောင် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတာကို မျက်ကွယ်ပြုထားတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာရဲ့ ရပ်တည်ချက်ကို မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဧပြီ ၂ ရက်မှာ ရက်ပေါင်း ၂၀ ကြာ ယာယီအပစ်အခတ်ရပ်စဲမယ်လို့ ကြေညာချက်ထုတ်ခဲ့ပေမဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ မြေပြင်စစ်ကြောင်းထိုးတာတွေကို ဆက်လုပ်ပြုလုပ်နေခဲ့တာပါ။
ငလျင်စတင်လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်ကနေ ဧပြီ ၃ ရက်အထိ ၇ ရက်အတွင်းမှာ စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၆၈ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၈ ယောက် သေဆုံးခဲ့ပါတယ်။