Home
မြန်မာသတင်း
ဘန်ကောက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြသည့် မြန်မာ အပါအဝင် ၃ ဦး ဖမ်းခံရ
DVB
·
April 4, 2025
protest

မြန်မာနိုင်ငံမှာ ငလျင်ဘေးဒုက္ခ ခံစားနေရချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ BIMSTEC အစည်းအဝေး တက်ရောက်ဖို့ ဧပြီ ၃ ရက်က ဘန်ကောက်ကို ရောက်ရှိခဲ့တဲ့နေ့မှာပဲ သူ့ကို ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်တဲ့ မြန်မာ ၂ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူဟာ New Power Generation တည်ထောင်သူ၊ တက်ကြွလှုပ်ရှားသူ ကိုဖြိုးပိုင်နဲ့ နိုင်နိုင်စိုးတို့ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုဖြိုးပိုင်က ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေး မေးမြန်းတာ ခံနေရပြီး၊ ဘန်ကောက်မြို့က Immigration Detention Center မှာ သူတို့ ၂ ယောက်ကို ထိန်းသိမ်းထားတယ်လို့ ကနဦး သိရပါတယ်။

လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ကိုဖြိုးပိုင်က “၃ ရက်နေ့က မင်းအောင်လှိုင် ဘန်ကောက်ကို လာတယ်။ အဲဒီမှာ အွန်လိုင်း ကမ်ပိန်းတွေလည်း ပျံ့နေတယ်။ အဲ့တော့ ကျနော်က မင်းအောင်လှိုင်လာရင် ဆန္ဒသွားပြမယ်။ ကျနော့် ရဲဘော် နိုင်နိုင်စိုးလည်း ပါတယ်။ ကျနော်တို့က ဆန္ဒသွားပြမယ်။ အွန်လိုင်းမှာ ပျံ့နေတဲ့ မင်းအောင်လှိုင် ဓာတ်ပုံတွေကို ယူပြီးတော့ မင်းအောင်လှိုင်လာမယ့် ရှန်ဂရီလာဟိုတယ်နားမှာပဲ မိတ္တူ ဆွဲလိုက်တယ်။ မိတ္တူဆွဲပြီး စာအိတ်လေးနဲ့ ထည့်လိုက်တယ်။ အဲဒီမှာ မီဒီယာ ရောက်လာတယ်။ မီဒီယာ ရောက်လာပြီး သူတို့က ကျနော့်ဆီကနေ အဲဒါကို ကြည့်တယ်။ အဲ့ကနေ ထိုင်းရဲတွေ၊ တောမောတွေ (လဝကရဲတွေ) က အယောက် ၃၀၊ ၄၀ လောက်ရှိတယ်။ ကျနော့်ကို ဝိုင်းပြီးတော့ အဲ့နား လာခေါ်သွားတယ်။ စကား ခေါ်ပြောတယ်။ ပြီးတော့ ရဲစခန်း ခေါ်သွားတယ်။ ရဲစခန်း ခေါ်ပြီးတော့ နောက်ဆုံးအခု ဘန်ကောက် - Immigration Detention Center မှာ ကျနော်နဲ့ ကျနော့် ရဲဘော် နိုင်နိုင်စိုးကို ထိန်းသိမ်းထားပါတယ်”လို့ DVB ကို ပြောပါတယ်။

ကိုဖြိုးပိုင်ဟာ အခုလို ထိန်းသိမ်းခံရပြီး၊ မြန်မာနိုင်ငံကို ပြန်ပို့ခံရဖွယ်ရှိတာကြောင့် သူ့ လူမှုကွန်ရက်က တဆင့်လည်း အကူအညီ ပေးဖို့ တောင်းဆိုထားပါတယ်။ 

ဒီကနေ့ ဧပြီ ၄ ရက်နေ့မှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုတဲ့ ရှန်ဂရီလာ ဟိုတယ်မှာ ထိုင်းကျောင်းသား တယောက်က မင်းအောင်လှိုင်ကို “အရပ်သား ၆,၀၀၀ ကျော်ကို သတ်ဖြတ်ထားသူ" လို့ ရှုတ်ချပြီး တကိုယ်တော် ကန့်ကွက် ဆန္ဒပြ တောင်းဆိုခဲ့ပြီးနောက် သူ့ကိုလည်း ထိုင်းတာဝန်ရှိသူတွေက တားမြစ် ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013