Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တွေ့ဆုံ
DVB
·
April 4, 2025
photo:Reuters

မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ဧပြီ ၄ ရက်က BIMSTEC ထိပ်သီးအစည်းအဝေး ပြင်ပမှာ တွေ့ဆုံခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် လူ ၃,၀၀၀ ကျော် သေဆုံးခဲ့ပြီးနောက် တပတ်အကြာမှာပဲ ပြည်ပခရီးစဉ် ထွက်ခဲ့တာပါ။

မင်းအောင်လှိုင် ဘန်ကောက်ရောက်ချိန်မှာ ဆန့်ကျင်ရေးလုပ်ဖို့ အနက်ရောင် အင်္ကျီတွေ ဝတ်ဆင်ဖို့နဲ့ အလုပ်မဆင်းကြဖို့ ထိုင်းနိုင်ငံရောက် အလုပ်သမားအဖွဲ့တွေက နှိုးဆော်ထားပါတယ်။

ဧပြီ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ အနက်ရောင်တွေ ဝတ်ဆင်ပြီး ဆန့်ကျင်မှုတွေကို ပြသဖို့ လူမှုကွန်ရက်တွေမှာ နှိုးဆော်ထားတာလည်း တွေ့ရပါတယ်။

ငလျင်ဘေးနဲ့ ကြုံတွေ့ချိန် ဘန်ကောက်မြို့ကို အစည်းအဝေးပွဲ တက်ရောက်လာတဲ့ မင်းအောင်လှိုင်ကို ဆန္ဒပြသူတွေက “လူသတ်ကောင်” လို့ ရေးထိုးတားတဲ့ စာတမ်းတွေကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့ ဆုံးဖြတ်ချက်ကိုလည်း ဆန္ဒပြသူတွေက ဝေဖန်ခဲ့ကြပြီး အစည်းအဝေးကျင်းပရာ အဆောက်အအုံနားရှိ တံတားမှာလည်း “လူသတ်သမား မင်းအောင်လှိုင်ကို ငါတို့ မကြိုဆိုဘူး” ဆိုတဲ့ စာတမ်းကို ချိတ်ဆွဲထားတယ်လို့ Bangkok Post မှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာငလျင်ဘေးနဲ့ပတ်သက်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားသလို ပံ့ပိုးမှုတွေလည်း ပြုလုပ်ထားပါတယ်။

မိုဒီနဲ့ မင်းအောင်လှိုင် တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းတွေကိုတော့ သတင်းထုတ်ပြန်တာမျိုး မတွေ့ရပါဘူး။

BIMSTEC ထိပ်သီးအစည်းအဝေးကို ဧပြီ ၂ ရက်မှာ စတင်ခဲ့ပြီး ၄ ရက်နေ့ အဆုံးသတ်မှာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးကို ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနဲ့ ဘူတန်နိုင်ငံတို့ တက်ရောက်ခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013