Home
မြန်မာသတင်း
ငလျင်ဘေးနောက်ဆက်တွဲ စစ်ခေါင်းဆောင် နိုင်ငံရေးလှိုင်းတံပိုးကြုံရနိုင်ဟု ICG အဖွဲ့ ထုတ်ပြန်
DVB
·
April 3, 2025

နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်အဖွဲ့ (ICG) ဟာ ငလျင်နောက်ဆက်တွဲအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ နိုင်ငံရေးလှိုင်းတံပိုးတွေ ကြုံရနိုင်တဲ့အပြင် စစ်ကောင်စီအတွက်ပါ အန္တရာယ်များတဲ့ အချိန်ကာလဖြစ်တယ်လို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရှာဖွေကယ်ဆယ်ရေး အရင်းအမြစ်တွေ နည်းပါးတဲ့အလျောက် အပျက်အစီးတွေ ကြားထဲက အသက်ရှင်ကျန်ရစ်သူတွေကို လက်ဗလာနဲ့တူးပြီး ရှာဖွေနေရတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး သဘာ၀ဘေးတွေမှာ မြန်မာစစ်တပ်ဟာ ရှေ့တန်းကနေ ဦးဆောင်ရလေ့ရှိပေမဲ့ ဆန့်ကျင်သူတွေကို အကြမ်းဖက်ဖိနှိပ်မှုကြောင့် လူထုရဲ့အမုန်းတရားနဲ့ ရင်ဆိုင်နေရတဲ့အတွက် ပါဝင်နိုင်ခြင်းမရှိကြောင်း ဖော်ပြထားပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှေးကွေးနေပြီး ပူပြင်းတဲ့ နွေရာသီအတွင်း အပျက်အစီးပုံအောက် ပိတ်မိနေသူအများစုက သူတို့ကို မကယ်ထုတ်နိုင်ခင် အသက်ဆုံးရှုံးခဲ့ရတာပါ။

အဲဒီနောက် ငလျင်ဒဏ်သင့်ဒေသတွေမှာ နေအိမ်ဆုံးရှုံးခဲ့ရတာ၊ ပျက်စီးသွားတာနဲ့ နောက်ဆက်တွဲ ငလျင်အပေါ် စိုးရိမ်ရမှုကြောင့် လူအများအပြားဟာ လမ်းပေါ်မှာ ဒါမှမဟုတ် အခြားဟင်းလင်းပြင် နေရာတွေမှာ အိပ်စက်ရတာမျိုး ရှိနေပါတယ်။

အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံတွေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေလည်း ဆိုးဆိုးရွားရွား ပျက်စီးနေပြီး လမ်း၊ တံတားနဲ့ ဆက်သွယ်ရေးစနစ်တွေအထိ ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။

မြန်မာပြည်အလယ်ပိုင်းက မန္တလေးနဲ့ နေပြည်တော် စတဲ့ အဓိကလေဆိပ်ကြီး ၂ ခုပါ ပိတ်ထားရတဲ့အတွက် အကူအညီပို့ဆောင်ရေးကို ခက်ခဲရှုပ်ထွေးစေတယ်လို့ ထောက်ပြထား ပါတယ်။

လောလောဆယ်အထိ ပျက်စီးမှုအတိုင်းအတာအပေါ် အလုံးစုံအကဲဖြတ်နိုင်ခြင်း မရှိသေးပေမဲ့လည်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ဟာ ဒေါ်လာဘီလီယံနဲ့ချီအောင် ကုန်ကျမှာ ဖြစ်ပါတယ်။

ဒါကြောင့် ICG ရဲ့ အကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေးက  “တရားဝင်မှုမရှိတဲ့ စစ်အစိုးရအနေနဲ့ ပြည်ပချေးငွေရဖို့ ခက်ခဲနေတဲ့အလျောက် ဒီလောက် ငွေပမာဏကို ဘယ်လိုမှ ရှာဖို့မဖြစ်နိုင်ပါဘူး” ဆိုပြီး မှတ်ချက်ပေးထားပါတယ်။

ဒါ့အပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ငလျင်အတွက် တလကြာ အပစ်ရပ်ကြေညာချက်အရ စစ်ကောင်စီဘက်က ခံစစ်ပြင်နေတာကြောင့် ပြည်သူတွေရဲ့ အကျိုးစီးပွားထက် သူတို့ရှင်သန်ရေးကိုသာ ဦးစားပေးနေတယ်ဆိုပြီး ဖြည့်စွက်ပြောပါတယ်။

၁၉၉၅ ခုမှာ စတင်တည်ထောင်ခဲ့တဲ့ ICG ဟာ သုတေသနအပါအဝင် ခွဲခြမ်းစိတ်ဖြာမှုနဲ့အတူ မူဝါဒအကြံပြုချက်တွေ ပေးကာ လူသေဆုံးနိုင်တဲ့ ပဋိပက္ခတွေ မဖြစ်အောင် ကာကွယ်တာ၊ လျှော့ချတာ၊ ဖြေရှင်းတာတွေ အဓိက လုပ်ဆောင်ပေးနေတဲ့ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013