Home
မြန်မာသတင်း
တူရကီက မြန်မာနှင့် ထိုင်းသို့ ငလျင်ကယ်ဆယ်ရေးအကူအညီများ ပေးပို့ 
DVB
·
April 3, 2025
Photo: AA

တူရကီနိုင်ငံ အကူအညီပေးရေးအဖွဲ့တဖွဲ့ဟာ ဒေသတွင်း ကယ်ဆယ်ရေး ကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံတွေက ငလျင်ဒဏ်သင့်သူတွေဆီ အစားအစာခြောက်တွေနဲ့ ပူပူနွေးနွေး အစားအစာတွေ ပေးပို့ခဲ့တဲ့အကြောင်း Türkiye Today သတင်းမှာ ဧပြီ ၂ ရက်က ဖော်ပြပါတယ်။

လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေး ဖောင်ဒေးရှင်း (IHH) အနေနဲ့ ငလျင်လှုပ်ခတ်ပြီးပြီးချင်း အရေးပေါ်အကူအညီတွေ စတင်ဆောင်ရွက်ခဲ့သလို ပထမအဆင့်မှာ ထိုင်းနိုင်ငံက လူ ၈၀၀ ကို ပူပူနွေးနွေး အစားအစာတွေ ဝေငှခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ငလျင်ဒဏ်ခံရသူတွေအတွက် ရေနဲ့ အစာခြောက်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြပေမဲ့ ထောက်ပံ့လှူဒါန်းမှု အခြေအနေအသေးစိတ်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

“မန္တလေးတိုင်းဒေသကြီးမှာ ကျနော်တို့ရဲ့ အကူအညီတွေကို ဆက်လက်ဆောင်ရွက်နေပါတယ်။ ကျနော်တို့အဖွဲ့တွေဟာ ဒေသတွင်းမှာ ညှိနှိုင်းဆောင်ရွက်ပေးပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ဖို့ နယ်ပယ်တွေမှာ တက်ကြွစွာ လုပ်ဆောင်နေပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း ကျနော်တို့ရဲ့ အကူအညီတွေကို တိုးချဲ့ပြီး လူတွေဆီ ပိုမိုရောက်ရှိနိုင်ဖို့ ရည်ရွယ်ထားပါတယ်။”

ဒါ့အပြင် တူရကီနိုင်ငံက GEA Search and rescue အဖွဲ့ဟာလည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့တွေနဲ့အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေသလို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်မှာလည်း နေပြည်တော်က ဟိုတယ်တခုအတွင်းမှာ ၅ ရက်ကြာ ပိတ်မိနေတဲ့ အမျိုးသားတယောက်ကို ကယ်တင်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေး ရှိတဲ့ ငလျင်ကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း ၃,၈၆၆ ယောက်အထိ ရှိနေပြီလို့ ဧပြီ ၂ ရက် ည ၈ နာရီအထိ  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013