Home
နိုင်ငံတကာ
ဘန်ကောက် ၃၀ ထပ်တိုက်အုတ်ပုံများကြား လူသံကြားရ၍ အပူတပြင်းရှာဖွေ 
DVB
·
April 3, 2025
Photo: Reuters

ထိုင်းနိုင်ငံ၊ ဘန်ကောက် ကျတူးကျတ်နယ်မြေမှ ဆောက်လုပ်ဆဲ အထပ် ၃၀ ရှိ ငွေစာရင်းစစ်ရုံး ပြိုကျမှုမှာ လူသံကြားရတဲ့အတွက် အပူတပြင်း ဆက်လက်ရှာဖွေနေတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

တောင်လိုပုံနေတဲ့ အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက နေ့ရော ညပါ မရပ်မနားရှာဖွေလျက်ရှိရာမှာ ဧပြီ ၂ ရက် မနေ့ည ၁၁ နာရီခွဲလောက်မှာ ကယ်ပါဦး ဆိုတဲ့အသံ တိုးတိုးလေးကြားရတယ်၊ သေချာအောင် ထုနှက်ရှာဖွေတဲ့ အသံတွေ ခဏရပ်ပြီး အားလုံး ဝိုင်းနားထောင်ရာမှာ အဲဒီအသံ ကြားရတယ်၊ အမျိုးသမီးအသံလို့ ယူဆရတယ်။ အချက်ပေးဖို့ အော်ပြောရာမှာ ပြန်ထုသံ ကြားရတယ်လို့ အခင်းဖြစ်တဲ့နေရာမှာ အချိန်ပြည့် စောင့်ကြည့်စစ်ဆေးနေတဲ့ ဘန်ကောက် ခရိုင်ဝန် နိုင်းချချတ် ဆစ်ထိဖန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

အဲဒီနေရာဟာ ဇုန်ဘီမှာဖြစ်ပြီး ထွက်ပေါက်လှေကားရှိတယ်၊ အသံလာတဲ့နေရာမှာ လေဟာ နယ်ရှိမယ်လို့ ယူဆရပြီး အသက်ရှင်သူ ရှိနိုင်တယ်၊ မျှော်လင့်ချက်မကုန်ဘဲ ဆက်ရှာနေတယ်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်နဲ့ အပျက်အစီးပုံ ရှင်းလင်းရေးကို တပြိုင်နက်တည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

အသံကြားတဲ့နေရာမှာ အလေးချိန် တန် ၆၀ လောက်ရှိတဲ့ ကြီးမားတဲ့ ကွန်ကရစ်အပိုင်းကြီး ၃ ပိုင်း ပိတ်နေတယ်၊ ကရိန်းကြီးတွေနဲ့ ဧပြီ ၃ ရက် ဒီနေ့မနက် ၅ နာရီခွဲမှာ ဖယ်ရှားပြီးတာတောင် အောက်ကလူကို ဆင်းကယ်ဖို့ ခက်ခက်ခဲခဲ ဆောင်ရွက်နေဆဲလို့ ဆိုပါတယ်။  

အဆိုပါဇုန်ဘီမှာပဲ နောက်တနေရာကနေလည်း ဒီနေ့မနက် ၁၀ နာရီ ၄၅ မိနစ်မှာ အမျိုးသားအသံလို့ ယူဆရတဲ့ လူသံထပ်ကြားတယ်လို့ ဆိုပါတယ်။ K9 ခွေးနှစ်ကောင်ကလည်း ဇုန်ဘီမှာ ဟောင်နေတယ်ကြောင်း၊ အသက်ရှင်သူ တွေ့ရနိုး မျှော်လင့်ချက်နဲ့ ဆက်လက်ရှာဖွေပြီး အပြင်မှာလည်း လူနာတင်ယာဉ်က အသက်ကယ်ကိရိယာတွေနဲ့ အသင့်စောင်းဆိုင်နေတယ်လို့    ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ 

အဆိုပါအဆောက်အအုံကြီးမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု တိုက်ခတ်သွားတဲ့ ငလျင်နဲ့ ဆက်စပ်တုန်ခါပြီး ပြိုကျခဲ့တာပါ။ 

အခင်းဖြစ်ချိန် အဲဒီအဆောက်အအုံမှာ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား အလုပ်သမားပေါင်း ၉၆ ယောက် လုပ်ကိုင်နေပြီး သေဆုံးသူ ၁၅  ယောက် (ကျား ၈ ၊ မ ၇)၊ ဒဏ်ရာနဲ့ ဆေးရုံတက်နေရသူ ၉ ယောက်ရှိပြီး ပျောက်ဆုံးနေသူ ၇၂ ယောက် ရှိတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

သေဆုံးသူထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၃ ယောက် ပါဝင်ပြီး ပျောက်ဆုံးတဲ့ထဲမှာ ၂၄ ယောက် ပါဝင်တယ်လို့  အခင်းဖြစ်တဲ့နေရာ သွားရောက်ကူညီနေတဲ့  MHAC အလုပ်သမားကူညီရေးအဖွဲ့က ပြောပါတယ်။ သူတို့နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေတော့  ဆက်သွယ် မေးမြန်းလို့ မရသေးပါဘူး။ 

အဆိုပါ အထပ် ၃၀ တိုက်မှာ ထိုင်းအစိုးရရဲ့ ငွေစာရင်းစစ်ရုံးဖြစ်ပြီး အီတာလီယံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီနဲ့ တရုတ်အစိုးရနဲ့ ဆက်နွှယ်တဲ့ China Railway No. 10 အင်ဂျင်နီယာ ကုမ္ပဏီတို့က ပူးပေါင်းတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ 

ငလျင်တုန်ခါမှုကြောင့် ပြိုကျသွားတယ်ဆိုပေမဲ့ အနီးနားတဝိုက်မှာရှိတဲ့ တခြားတိုက်မြင့်တွေ ထိခိုက်မှုမရှိတာကြောင့်  ဆောက်လုပ်ရေးလုပ်ငန်းမှာ အသုံးပြုတဲ့ ပစ္စည်းအရည်အသွေး၊ ရန်ပုံငွေ သုံးစွဲမှု စတာတွေကို ပြန်လည်စစ်ဆေးနေပါတယ်။ 

တရုတ်ကုမ္ပဏီမှ ဝန်ထမ်းတချို့က ခွင့်ပြုချက်မရဘဲ စာရွက်စာတမ်းတွေ သယ်ထုတ်သွားတာ၊ ငှားရမ်းတည်းခိုတဲ့အိမ်မှ ရွှေ့ပြောင်းသွားတာ၊ ဆောက်လုပ်ရေးမှာသုံးတဲ့ သံမဏိချောင်း အရည်အသွေး စံချိန်မမီတာတွေ ကနဦးတွေ့ရှိလို့ အမှန်တရား ဖော်ထုတ်အရေးယူဖို့  ထိုင်းတရားရေးဝန်ကြီးက အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (DSI) ကို တာဝန်ပေးထားကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အခင်းဖြစ်တဲ့နေရာကို ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်က နေ့စဉ်လို လာရောက်စစ်ဆေးပြီး ပျောက်ဆုံးနေသူ အလုပ်သမားတွေကို လာရောက်စောင့်ဆိုင်းနေတဲ့ ဆွေမျိုးသားချင်းတွေကို အားပေးစကား ပြောကြားခဲ့ပါတယ်။ 

Source: TNN News / Thai PBS 

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013