
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ အင်အားပြင်းမြေငလျင်ကြောင့် အိမ်ရာတွေ ပြိုပျက်သွားတဲ့ ဝန်ထမ်းတွေအတွက် အိမ်ရာတွေအနီးက ဘောလုံးကွင်းတွေမှာ ၁၀ ပေ ပတ်လည်ခန့်ရှိ ယာယီတဲတွေကို ပြည်ပအကူအညီနဲ့ စတင်ဆောက်လုပ်ပေးနေပါတယ်။
ဒီယာယီတဲတွေမှာ နေထိုင်ရမယ့် ဝန်ထမ်းတွေအတွက် အမျိုးသားအိမ်သာ ၅ လုံး၊ အမျိုးသမီးအိမ်သာ ၅ လုံးလည်း ဆောက်လုပ်ပေးသွားမှာဖြစ်ပြီး သုံးရေအတွက် တာပေါ်လင်စတွေနဲ့ ရေကန်တွေ လုပ်ပေးသွားမယ်လို့လည်း သိရပါတယ်။
မီးရရှိဖို့အတွက် ဘယ်လိုစီမံပေးသွားမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ တချို့ဝန်ထမ်းတွေကိုတော့ ဝန်ကြီးဌာနရှိ ကားပါကင်နဲ့ မြေကွက်လပ်တွေမှာလည်း ယာယီတဲ သို့မဟုတ် ဖော်မီကာပြားတွေနဲ့ ယာယီ တည်ဆောက်ပေးနေတယ်လို့ ဝန်ထမ်းတွေထံကနေ သိရပါတယ်။
အရာထမ်းတွေကိုတော့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (ယခင်လွှတ်တော်ကိုယ်စားလှယ်တွေ နေထိုင်ခဲ့တဲ့) ရှိ အဆောင်တွေမှာ နေရာချထားပေးပြီး ငွေကြေးတတ်နိုင်တဲ့ အရာရှိတွေကတော့ ရွှေနံ့သာရပ်ကွက်၊ ရွှေကြာပင်ရပ်ကွက်နဲ့ ဒက္ခိဏသီရိမြို့ စတဲ့နေရာတွေမှာ ပြောင်းရွှေ့နေကြပါတယ်။