Home
မြန်မာသတင်း
ငလျင်ဒဏ်သင့်နေရာများတွင် ရေသန့်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ခိုလှုံရာနေရာလိုအပ်နေ
DVB
·
April 3, 2025
Photo : ICRC Myanmar

မြန်မာနိုင်ငံမှာရှိတဲ့ ငလျင်ဘေးသင့်နေရာတွေမှာ ရေသန့်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ခိုလှုံရာနေရာတွေ လိုအပ်နေတယ်လို့  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကပြောတဲ့ အကြောင်း CGTN သတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးနဲ့ စစ်ကိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဘေးအတွက် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေက အကူအညီတွေပေးနေပေမဲ့ ဒေသခံတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး စိန်ခေါ်မှုတွေလည်း အများအပြား ရှိနေပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့  မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က မစ္စတာဘတ်ကွက်က “ဒေသခံတွေဟာ လမ်းမပေါ်မှာ အိပ်ရတယ်။ ဆေးကုသမှုခံယူဖို့လည်း ကြိုးစားရတယ်။ ဒါပေမဲ့ သူတို့ခိုလှုံဖို့ အဆောက်အုံတွေက ပျက်စီးကုန်ပါပြီ။ ဆေးရုံနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စင်တာတွေကလည်း လက်ရှိအချိန်မှာ သုံးလို့မရနိုင်ပါဘူး။ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နဲ့ ပေါင်းပြီး အကူညီပေးမှုတွေ ကျနော်တို့ လုပ်ဆောင်ခဲ့ပြီး ကနဦး ပံ့ပိုးခဲ့ပါတယ်။ တရုတ်ကြက်ခြေနီအဖွဲ့ကလည်းပံ့ပိုးခဲ့ပါတယ်” လို့ CGTN  သတင်းဌာနကို ပြောပါတယ်။

ငလျင်ဒဏ်သင့်ဒေသခံတွေအတွက် အရေးပေါ်လိုအပ်နေတာက ရေသန့်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အထူးသဖြင့် အသက်ကြီးပိုင်းတွေ အပူချိန်မြင့်မားလာချိန်မှာ လုံခြုံတဲ့ အမိုးအကာတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

မစ္စတာဘတ်ကွက်က “သန့်ရှင်းတဲ့ သောက်သုံးရေ လိုအပ်ချက်က အရေးကြီးဆုံးပါ။ လျပ်စစ်ဓာတ်အား ပြတ်တောက်နေလို့ ရေစက်တွေနဲ့ ရေတင်တာတွေလည်း အလုပ်မဖြစ်ပါဘူး။ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးရပ်စ်အထိ ရောက်လာပြီး ပူပြင်းတဲ့ရာသီကို ရောက်လာပါပြီ။ ဒုတိယအရေးကြီးဆုံးက ငလျင်ဒဏ်ခံရချိန် ထိခိုက်မိခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ပါ။ တတိယအချက်က လူတွေဟာ အိမ်တွေပျက်စီးသွားလို့ သူတို့ဘဝ နေထိုင်ရေးအတွက် ထောက်ပံ့မှုတွေ ပြုလုပ်ပေးရမှာပါ။ သူတို့တွေ လမ်းမပေါ်တောင် ထွက်အိပ်နေရလို့ ညအိပ်ချိန် လုံခြုံမှု ရှိအောင်လည်း စီစဉ်ပေးရမှာပါ” လို့ ပြောပါတယ်။

မြေပြင်အခြေအနေကို လေ့လာသုံးသပ်ပြီးချိန်မှာ ဦးထုပ်အမာ၊ လက်အိတ်အထူ၊ ကြိုး၊ အလုံပိတ်မျက်မှန်နဲ့အတူ အခြားအိမ်ထောင်စုသုံးပစ္စည်းတွေဖြစ်တဲ့ တာပေါ်လင်၊ ခြင်ထောင်၊ ရေစစ်အိုးတွေအပြင် အလောင်းသယ်အိတ်တွေ အစရှိတဲ့ မရှိမဖြစ်အလိုအပ်ဆုံးပစ္စည်းတွေကို ပေးဝေခဲ့သလို ဒဏ်ရာရတဲ့သူတွေကို သယ်ယူဖို့အတွက် လူနာတင်ထမ်းစင်တွေကိုလည်း ပေးဝေခဲ့တယ်လို့ ICRC မြန်မာရုံးက သတင်းထုတ်ထားပါတယ်။

ICRC ဝန်ထမ်း ကိုမိုဟာမက်အာယပ်က “ကျနော်နဲ့ ကျနော့်မိသားစုတွေကလည်း အခုဖြစ်တဲ့ ငလျင်ဘေးကနေ လွတ်မြောက်လာတဲ့သူတွေပါ။ ကျနော်တို့တိုက်ခန်းက ဆိုးဆိုးရွားရွားပျက်စီးသွားလို့ စာသင်ကျောင်းဝင်းထဲမှာ လောလောဆယ်နေထိုင်နေပါတယ်။ ဒါကြောင့် လူတွေက အစားအစာနဲ့ နေဖို့ထိုင်ဖို့အပါအဝင် သူတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေနဲ့ ဒီအခြေအနေတွေကိုဘယ်လိုရင်ဆိုင်နေရလဲဆိုတာကို ခံစားမိပါတယ်။ တချိန်တည်းမှာပဲ ICRC ဝန်ထမ်းတယောက်အနေနဲ့ ဒီရပ်ရွာလူထုတွေရဲ့ အများဆုံးလိုအပ်ချက်တွေနဲ့ အခက်အခဲတွေကို သိရှိနိုင်ဖို့ အခုကျနော့် လက်ရှိအခြေအနေတွေကို ဆင်ခြင်ပြီး ရလာတဲ့အတွေ့အကြုံတွေကို အသုံးချခဲ့ပါတယ်” လို့  ထုတ်ပြန်ချက်မှာ ပြောပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြည်သူတွေရဲ့ တိုက်တာအိုးအိမ်တွေ အမြောက်အမြာ ထိခိုက်ပျက်စီးသွားခဲ့ကာ  လူပေါင်း ၃,၈၆၆  ယောက်သေဆုံးပြီး ဒဏ်ရာရသူ ၅,၄၅၅ ယောက်နဲ့ ပျောက်ဆုံးနေသူ ၇၁၉  ယောက်ရှိနေပြီလို့ ဧပြီ ၂ ရက် ည ၈ နာရီ အထိ DVB က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

Source : Reuters/ CGTN

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013