
ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ကန့်သတ်မှုတွေကို မခံနိုင်တော့လို့ အိန္ဒိယနိုင်ငံကနေ ကူညီကယ်ဆယ်ဖို့ ရောက်ရှိနေတဲ့ စေတနာ့ဝန်ထမ်း ကီရန်ဗာမာက မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားတော့မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေး ကြေညာထားပါတယ်။
မြန်မာစစ်တပ်ရဲ့ သေနတ်ပြောင်းဝရှေ့မှာ ကူညီကယ်ဆယ်နေရတဲ့ အခြေအနေနဲ့ အကူအညီမဲ့နေတဲ့ ပြည်သူတွေကို မကြည့်ရက်တော့သလို အပျက်စီးပုံတွေအောက်မှာ သေဆုံးနေတဲ့ အလောင်းတွေကို ထားခဲ့ရတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်မိတယ်လို့လည်း မြန်မာပြည်သူတွေကို တောင်းပန်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အခုလို အဆိုးရွားဆုံးဖြစ်နေတဲ့ အချိန်မှာတောင် မြန်မာစစ်တပ်ရဲ့ လူသားချင်းစာနာမှုနဲ့ ကိုယ်ချင်းစာတရားအနည်းငယ်ကိုပဲ မျှော်လင့်မိထားခဲ့တယ်လို့လည်း ဆိုပါတယ်။
ကီရန်ဗာမာ အနေနဲ့ ငလျင်ဒဏ် အထိခိုက်ဆုံးဒေသတွေဖြစ်တဲ့ စစ်ကိုင်းဘက်ကို သွားရောက်လိုပေမဲ့ အကြောင်းပြချက်မရှိဘဲ မန္တလေးမှာတင် တားဆီးခံခဲ့ရပြီး မန္တလေးမှာ လုပ်ဆောင်ခဲ့ရတာကလည်း လူအနည်းငယ်ကိုသာ အစားစာ ဝေမျှခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေက ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့် ကန့်သတ်ခံထားရတာကြောင့် နာကျင်မှုတွေကို မျှဝေနိုင်မှာ မဟုတ်ဘူးလို့လည်း သူက ရေးသားထားပါတယ်။
တကယ်လို့ ကယ်ဆယ်ရေးအဖွဲ့တခုခုအနေနဲ့ မြန်မာနိုင်ငံထဲမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားလုပ်မယ်ဆိုရင် စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ရှမ်းပြည်နယ် စတဲ့ အထိခိုက် အများဆုံး ဒေသတွေကို သွားရောက်ဖို့ အကြံပြုထားပြီး အဲဒီဒေသတွေက အထိခိုက်ဆုံးဖြစ်ပေမဲ့ အထောက်အပံ့တွေ အနည်းဆုံးရရှိနေတဲ့ နေရာတွေ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
သူ့အနေနဲ့ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာကို မသိတော့တဲ့အတွက် မတ် ၃၁ ရက်က ရောက်ရှိပြီး ဧပြီ ၃ ရက်က ပြန်သွားခဲ့ကာ မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးပါတယ်လို့လည်း သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
ကီရန်ဗာမာဟာ အိန္ဒိယနိုင်ငံမှာ Simply Blood ဆိုတဲ့ အကျိုးမြတ်မယူဘဲ သွေးလှူဒါန်းမှုဝန်ဆောင်မှု လူမှုကူညီရေးအဖွဲ့ရဲ့ တည်ထောင်သူဖြစ်ပြီး တခြား လူမှုရေးလုပ်ငန်းတွေမှာလည်း ထဲထဲဝင်ဝင် လုပ်ကိုင်ပါဝင်နေသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန္တလေးမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတ ကယ်ဆယ်ရေးသမား တယောက်ကို စစ်တပ်က ခေါ်ပြီး ပါးရိုက်ကာ ဆဲဆို ကြိမ်းမောင်းမှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။