Home
မြန်မာသတင်း
ဟင်္သာတမြို့နယ်ပြည်သူများ စစ်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန် သတိပေး
DVB
·
April 20, 2025

ဧရာဝတီတိုင်းအတွင်း ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ဟင်္သာတခရိုင်ကို ရောက်နေပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ တပါတည်းယူဖို့လိုတဲ့ အရေးကြီးစာရွက်စာတမ်းတွေ၊ ပစ္စည်းတွေ၊ ဆေးဝါးနဲ့ ရိက္ခာတွေကို အဆင်သင့် ထုပ်ပိုးပြင်ဆင်ထားဖို့နဲ့ စစ်ရှောင်တွေကို အိမ်ငှားခ တိုးမကောက်ကြဖို့ စတာတွေကို ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်တဲ့ဒေသတွေက ပြည်သူတွေဟာ နီးစပ်ရာ မြို့နယ် ကျေးရွာတွေဆီ စစ်ဘေးရှောင်နေကြရပြီး စစ်ပွဲဧရိယာ ပိုကျယ်လာလို့ ဟင်္သာတမြို့နယ်အတွင်းက ပြည်သူတွေ အစစအရာရာ သတိထားနေထိုင်ကြဖို့ တိုက်တွန်းလိုက်တာပါ။

တပါတည်းယူဆောင်ဖို့ လိုအပ်တာတွေကို အဆင်သင့် ထုပ်ပိုးပြင်ဆင်ထားဖို့၊ မြေပြင်သတင်းတွေကို မပြတ်နားစွင့်ပြီး အသွားအလာ သတိထားဖို့၊ စစ်ကောင်စီ ဒေါက်တိုင်နေရာတွေ အဖွဲ့အစည်းတွေ သတင်းပေးတွေနဲ့ နီးရာကို မသွားဖို့၊ စစ်ဘေးရှောင် ပြည်သူတွေကို အိမ်ငှားခ တိုးကောက်တာမလုပ်ဘဲ ဝိုင်းဝန်းကူညီဖေးမကြဖို့နဲ့ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို တွေ့ရှိသိရှိရင် ကြားကာလ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာကတဆင့် အချိန်နဲ့တပြေးညီ သတင်းပေးပို့ ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေဟာ ဧပြီ ၁၈ ရက်မှာ လေးမျက်နှာမြို့နယ် ပန်းတောကြီးရွာနားက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့ပြီး လေးမျက်နှာမြို့နယ်ဟာ ဟင်္သာတခရိုင်ထဲက ဖြစ်ပါတယ်။

AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ဟာ ဧရာဝတီတိုင်းထဲက လေးမျက်နှာ၊ ပုသိမ်၊ ရေကြည်၊ သာပေါင်းမြို့နယ်တို့မှာ တိုက်ပွဲတွေဖြစ်နေတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024