Home
မြန်မာသတင်း
သာပေါင်း ခမရ ၃၀၈ တပ်မှ စစ်သား ၄ ဦး ထွက်ပြေး
DVB
·
September 9, 2025

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က စစ်ကောင်စီတပ် ခမရ ၃၀၈ တပ်ရင်းကနေ စစ်ကောင်စီတပ်သား ၄ ယောက် ထွက်ပြေးသွားတာကြောင့် အသည်းအသန် လိုက်လံရှာဖွေနေတယ်လို့ ခမရ ၃၀၈ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သာပေါင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ ခမရ ၃၀၈ တပ်ရင်းအနီး ကာကင်းစခန်းတခုမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ စက်တင်ဘာ ၇ ရက် ညနေပိုင်းက ထွက်ပြေးသွားတာလို့ သိရပါတယ်။

သာပေါင်း ခမရ ၃၀၈ တပ်ရင်းနဲ့ နီးစပ်သူက “ကာကင်းစခန်းမှာ တာဝန်ကျတပ်သားတွေလို့ပဲ သိရတယ်။ ၄ ယောက်ပါ။ အသည်းအသန် လိုက်ရှာနေတာ ဟုတ်တယ်။ လေးမျက်နှာဘက်ကို လိုက်ရှာနေတာ” လို့ ပြောပါတယ်။

လက်ရှိ သာပေါင်း ခမရ ၃၀၈ တပ်က စစ်ကောင်စီတပ် အင်အား ၂၀ လောက်က တပ်နဲ့ အနီးဝန်းကျင်ဒေသတွေအပြင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ လေးမျက်နှာမြို့နယ်ဘက်ကိုပါ လိုက်လံရှာဖွေနေပါတယ်။

သာပေါင်းတပ်ရင်းအနီး နေထိုင်တဲ့ ဒေသခံအရပ်သားတယောက်က “တိုက်ပွဲရှိတဲ့ လေးမျက်နှာဘက် ပြေးတယ်ဆိုတာ ဟုတ်လောက်တယ်။ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့ ဖြစ်လောက်မယ်။ ရုတ်ရုတ်သဲသဲနဲ့တော့ လိုက်ရှာနေတယ်။ ပစ်ခတ်သံတွေလည်း ကြားနေရတယ်။ လိုက်ရှာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်တာလား၊ ထွက်ပြေးစစ်သားတွေကို ပစ်ခတ်တာလားတော့ မသိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ လိုက်လံရှာဖွေနေတဲ့ သာပေါင်းမြို့နယ်ထဲက သဲဖြူကျေးရွာအနီးမှာ စက်တင်ဘာ ၇ ရက် ညပိုင်းနဲ့ စက်တင်ဘာ ၈ ရက် မနက်အစောပိုင်းတွေမှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေပါ ကြားနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ပထမအပတ်ကလည်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေ သာပေါင်းမြို့နယ်ထဲက ကမွန်းချဉ်တောင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တပ်ဆုတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ် ၃ ရက်က ကမွန်းချဉ်တောင်တိုက်ပွဲမှာ တပ်ဆုတ်ခဲ့တဲ့ တပ်ကို စီမံကွပ်ကဲကြီးကြပ်ဖို့ လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမှူးတယောက်နဲ့ နောက်ထပ် အရာရှိတယောက်ဟာ အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ စနိုက်ပါထိမှန်တာကြောင့် သေဆုံးခဲ့ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013