
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကိစ္စနဲ့ ခြိမ်းခြောက်ပြီး ကြံ့ခိုင်ရေးပါတီကိုမဲထည့်ဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သာပေါင်းမြို့နယ်က စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူး မင်းဧရာထိုက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သြဂုတ် ၂၇ ရက်နဲ့ ၂၉ ရက်မှာ သမင်ကုန်းကျေးရွာအုပ်စု၊ ဂုံမင်း ကျေးရွာအုပ်စု၊ လင်းတာကျေးရွာအုပ်စုက ဒေသခံတွေကို မဲပေးစက်နဲ့လက်တွေ့သရုပ်ပြ မဲထည့်ပွဲပြုလုပ်ရင်း ကြံ့ခိုင်ရေးပါတီကို မဲထည့်ဖို့ ဖိအားပေးပြောဆိုခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “သရုပ်ပြမဲပေးဖို့လည်း ဖိအားပေးခေါ်တယ်။ သွားတော့လည်း ကြံ့ခိုင်ရေးပါတီကိုမဲထည့်ဖို့ပြောတယ်။ ကြံ့ခိုင်ရေးပါတီမဲနိုင်မှ အဆင်ပြေမယ်လို့ပြောတယ်။ ကြံ့ခိုင်ရေးပါတီကို မဲမထည့်ရင် စစ်မှုထမ်းကိစ္စတွေမှာ အကာအကွယ်ပေးဖို့ ခက်ခဲတယ်လို့ ထုတ်ကိုပြောတာ” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကြံ့ခိုင်ရေးပါတီကိုပဲ မဲထည့်ဖို့ ခြိမ်းခြောက်ဖိအားပေးတဲ့အပြင် စစ်မှုထမ်းကိစ္စပေါ်လာတာဟာ NLD ပါတီနဲ့ PDF တွေကြောင့်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်းတွေပါ ပြောဆို ခဲ့တယ်ဆိုပါတယ်။
သာပေါင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က “၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းခဲ့တယ် ဘာညာ လျှောက်ပြောသွားတာ။ စစ်ကောင်စီခန့် ဝန်ထမ်းတွေကအစ မဲပေးစက်သရုပ်ပြသပေးတာ မဟုတ်ပါဘူး။ ဖိအားပေးမဲဆွယ်တာ” လို့ ပြောပါတယ်။
မဲပေးစက် သရုပ်ပြပွဲအတွက် လင်းတာကျေးရွာအုပ်စု၊ ဂုံမင်းကျေးရွာအုပ်စု၊ သမင်ကုန်း ကျေးရွာအုပ်စုက ဒေသခံတွေကို တအိမ်တယောက်မဖြစ်မနေလာဖို့ အုပ်ချုပ်ရေးမှူးတွေက ဖိအားပေးခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
သာပေါင်းမြို့နယ်အုပ်ချုပ်ရေးမှူး မင်းဧရာထိုက်ဟာ စစ်မှုထမ်းလူစုဆောင်းရာမှာလည်း နာမည်ဆိုးနဲ့ ကျော်ကြားသူတယောက်ဖြစ်ပြီး စစ်မှုထမ်းမယ့်သူတိမ်းရှောင်နေရင် အိမ်ရှိ မိသားစုကို ဖမ်းဆီးခိုင်းတဲ့သူလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။