Home
မြန်မာသတင်း
စစ်မှုထမ်းအသက်အကျုံးဝင်သည့် အမျိုးသမီးများကို ပြည်ပထွက်ခွင့် ကန့်သတ်လာ
DVB
·
August 23, 2025

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းအသက် အကျုံးဝင်တဲ့ အမျိုးသမီးတွေ ပြည်ပထွက်ခွင့် ကန့်သတ်တာတွေ စတင်လုပ်ဆောင်နေတယ်လို့  ကိုယ်တိုင်ကြုံရသူတွေက DVB ကို ပြောပါတယ်။  

အမျိုးသမီး စစ်မှုထမ်းအပတ်စဉ် ၁ ကို မှော်ဘီမြို့အခြေစိုက် အမှတ် ၄ အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း (ရကသ-၄) မှာ စတင်ဖွင့်လှစ်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ဩဂုတ်လအတွင်း သတင်းထုတ်ပြန်ပါတယ်။

အဲဒီသတင်းတွေကြောင့် အမျိုးသားတွေကို ပြည်ပအလုပ်အကိုင် အသက်ကန့်သတ်သလို၊ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းစာရင်းအကြောင်းပြပြီး ကန့်သတ်မှာ စိုးရိမ်တယ်လို့ ပြည်ပထွက်ဖို့ ပြင်နေသူတွေက ပြောပါတယ်။

ပြည်ပထွက်ဖို့ ပြင်နေသူတယောက်က “ပြည်ပထွက်ဖို့ လုပ်နေတဲ့သူဖြစ်စေ၊ ပြည်တွင်းမှာ နေတဲ့သူဖြစ်စေ ဘယ်သူမဆို စိုးရိမ်တာပဲလေ။ စစ်မှုထမ်းပါသွားပြီဆိုကတည်းက ဘာသတင်းမှ မရတော့ဘူးဆိုတဲ့ သတင်းတွေက ကြားနေတော့ ပိုပြီးကြောက်ကြတယ်။ နေမထိ ထိုင်မသာပဲပေါ့။ ညီမဆိုလည်း နေထိုင်လို့မရဘူး။ ကြောက်တယ်။ မိဘတွေဆိုရင် ပိုဆိုးတယ်။ မြန်မြန်လေး ပြည်ပထွက်စေချင်တယ်။ အကုန်လုံးက စိတ်ဒုက္ခရောက်နေကြရတာပဲ။ ပြည်ပထွက်ဖို့ လုပ်နေတဲ့သူဆိုရင် ပိုပြီးစိတ်ဆင်းရဲတာပေါ့။ ပြည်ပထွက်ဖို့လုပ်နေရင်း စစ်မှုထမ်းပါလာခဲ့ရင် ဘယ်လိုလုပ်ရမလဲပေါ့။ ဂျပန်ဆိုရင် ယောကျာ်းလေးက ၁၈ ကနေ ၃၅ နှစ်အတွင်း လုံးဝကို ပိတ်ခံထားရတာ။ ကိုရီးယားလမ်းကြောင်းတခုတော့ ယောကျာ်လေးတွေ ထွက်လို့ရသေးတယ်။ ပြည်ပထွက်ဖို့ မိန်းကလေးပါ ကျပ်လာမယ် ကြားတယ်” လို့ ပြောပါတယ်။ 

လူငယ်အများအပြား ပြည်ပထွက်ခွာတာပိုများလာတာကြောင့်  ပြည်ပ‌‌ရွှေ့ပြောင်းနှုန်းကို ဆန်းစစ်ဖို့နဲ့ ရွှေ့ပြောင်းနေထိုင်တာတွေကို သတိထားကိုင်တွယ်ဖို့ ဒု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြောထားပါတယ်။

ဒါ့အပြင် လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း ပြည်ပကိုထွက်ခွာနေကြတဲ့ လူငယ်တွေကို လေယာဉ်လက်မှတ်၊ ဗီဇာ၊ ဟိုတယ်ဘိုကင် အထောက်အထားစုံရင်တောင် လေဆိပ် ရဲတွေက စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်တာတွေ ရှိနေပါတယ်။

ကိုယ်တိုင် ကြုံရသူတယောက်က “မြန်မာ Immigration (လဝက)ဆီတောင် မရောက်သေးဘူး။ လေဆိပ်ကရဲတွေက ရစ်တာ။ ဒါပေမဲ့ ရစ်တဲ့ရဲတွေက ယူနီဖောင်း ဝတ်မထားဘူး။ အရပ်ဝတ်နဲ့ပဲ။ လေယာဉ်လက်မှတ် အသွားအပြန်လည်း ပါတယ်။ ဗီဇာလည်းပါတယ်။ ဟိုတယ်ဘိုကင်လည်း အပြည့်အစုံပါတယ်။ ဒါပေမဲ့ ပေးမထွက်ဘူး။ ပြန်လွှတ်တယ်။ ပိုက်ဆံနဲ့ပေးပြီး သွားလို့ရတဲ့ လမ်းကြောင်း ရှိတယ်လို့ လေဆိပ်ကနေပြောတာ ကြားတယ်။ လမ်းကြောင်းကြေးက ၂၅ သိန်းကနေ သိန်း ၄၀ အထိ ပေါက်တယ်” လို့ ပြောပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကတော့ လက်ရှိအချိန်ထိ အမျိုးသမီးလုပ်သား စေလွှတ်တာကို အလုပ်သမားဝန်ကြီးဌာနဘက်က ကန့်သတ်ညွှန်ကြားတာမျိုး မရှိသေးဘူးလို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်ကတော့ မြန်မာနိုင်ငံကနေ တောင်ကိုရီးယားကို EPS စနစ်နဲ့ လုပ်သား ၇၁ ယောက် စေလွှတ်ခဲ့ရာမှာ အမျိုးသမီး လုပ်သား ၂ ယောက်လည်း ပါဝင်ခဲ့ပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013