Home
နိုင်ငံတကာ
မြေငလျင်ဒဏ်သင့် အာဖဂန်နစ္စတန်ကို အကူအညီပေးရန် ကုလသမဂ္ဂ တောင်းဆို
DVB
·
September 9, 2025
Photo: REUTERS/Sayed Hassib

ပြီးခဲ့တဲ့ သီတင်းပတ်က အာဖဂန်နစ္စတန် အရှေ့တောင်ပိုင်းမှာလှုပ်တဲ့ မြေငလျင်ကြောင့် ဒုက္ခရောက်သူတွေကို ကူညီဖို့ ကုလသမဂ္ဂက စက်တင်ဘာ ၈ ရက်မှာ တောင်းဆိုခဲ့ပါတယ်။ 

မြေပြင်အခြေအနေတွေက ဆိုးရွားပါတယ်လို့ အာဖဂန်နစ္စတန်အတွက် (ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး) OCHA က ဗျူဟာနဲ့ ညှိနှိုင်းရေးမှူး ရှန်နွန် အိုဟာရာက ပြောပါတယ်။

“ကျနော်တို့ အခုမလုပ်ရင် ဒီအသိုက်အဝန်းတွေက လာမယ့်ဆောင်းရာသီမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး။”  

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ စက်တင်ဘာ ၄ ရက်က မြေအောက် အနက် ၆.၂၁ မိုင်ကို ဗဟိုပြုပြီး ပြင်းအား ၆.၂ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ ဂျာမန်ဘူမိသိပ္ပံ ဆိုင်ရာ သုတေသနဌာန GFZ က ပြောပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းက ဆက်တိုက် ငလျင်လှုပ်ခတ်မှုအပြီးမှာ လူပေါင်း ၂၂၀၀ ကျော် သေဆုံးပြီး ၃၆၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံရဲ့ အရှေ့ဘက်က ရွာတွေ ပြိုကျပျက်စီးပြီး လူ သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ မကြာသေးမီနှစ်တွေအတွင်း အာဖဂန်နစ္စတန်ရဲ့  လူအသေ အပျောက်အများဆုံး ငလျင်တခုဖြစ်တဲ့ ပြင်းအား ၆ ရှိတဲ့ ပထမဆုံးငလျင်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့ပါတယ်။ 

အသက်ရှင်ကျန်ရစ်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်နေကြရပြီး အရင်းအမြစ်တွေ လျော့နည်းလာနိုင်တယ်လို့ အကူအညီပေးရေးအဖွဲ့တွေက သတိပေးထားပါတယ်။

စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂနဲ့ တခြားအေဂျင်စီတွေက သတိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013