Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်တွင် နောက်ဆက်တွဲငလျင် ၂ ခု ထပ်မံ လှုပ်ခတ်
DVB
·
September 7, 2025
Photo: REUTERS/Sayed Hassib

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ ငလျင်ကြောင့် လူပေါင်း ၂၂၀၀ လောက် သေဆုံးခဲ့ရတဲ့ဒေသမှာ စက်တင်ဘာ ၅ ရက်က အချိန် ၁၂ နာရီခြားပြီး အင်အားပြင်း နောက်ဆက်တွဲ ငလျင်ငယ် ၂ ခု ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။

နောက်ဆက်တွဲ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူအသေအပျောက်နဲ့ အပျက်အစီးတွေ ပိုများလာမှာကို စိုးရိမ်နေကြပြီး ကယ်ဆယ်ရေးသမားတွေလည်း တောင်ထူထပ်တဲ့ မြေပြင်နဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုကို ရင်ဆိုင်နေရပါတယ်။

ငလျင်ဒဏ်ခံဒေသရှိ အသက်ရှင်ကျန်ရစ်သူတွေဟာ အခြေခံအသုံးအဆောင်ပစ္စည်းတွေအတွက် ရုန်းကန်နေရပြီး ကုလသမဂ္ဂနဲ့ တခြားအေဂျင်စီတွေက ရန်ပုံငွေ၊ အစားအသောက်၊ ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေကြောင်း သတိပေးထားပြီးတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရန်ပုံငွေ ဒေါ်လာ ၄ သန်း ရှာဖွေနေပါတယ်။ 

အခုနောက်ဆုံး အားပြင်း ငလျင်အသေး ၂ ခုဟာ စစ်ပွဲ၊ ဆင်းရဲမွဲတေမှုနဲ့ ပြင်ပအကူအညီတွေ လျော့နည်းသွားလို့ အထိနာနေပြီးသား နိုင်ငံကို ပျက်စီးခြင်းရောက်စေခဲ့တဲ့ ငလျင်ကြီးတွေအပြီးမှာ ထပ်ပြီး လှုပ်ခတ်ခဲ့တာပါ။

စက်တင်ဘာ ၄ ရက်မှာ သေဆုံးသူ ၂,၂၀၅  ယောက်နဲ့ ဒဏ်ရာရသူ ၃၆၄၀  ယောက် ရှိကြောင်း တာလီဘန်အစိုးရက  ခန့်မှန်းထားပါတယ်။

ပါကစ္စတန်နယ်စပ်အနီးရှိ ရှီဝါခရိုင်မှာ ငလျင်ဗဟိုချက်ပြုပြီး နန်ဂါဟာပြည်နယ်မှာ ကြာသပတေးနေ့ ညပိုင်းက ပြင်းအား ရစ်ချ်တာစကေး  ၆ ဒသမ ၂ ရှိတဲ့ ငလျင်ကြောင့် ဒဏ်ရာရသူ ၁၃  ယောက် ကို အရေးပေါ် လူနာတင်ယာဉ်တွေနဲ့ ပို့ဆောင်ခဲ့ပါတယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေး ပြောရေးဆိုခွင့်ရှိသူ နာကီဘူလာ ရာဟီမီက ပြောပါတယ်။

ဆေးကုသမှုခံယူပြီးနောက်မှာ ၁၀ ယောက်က ဆေးရုံမှဆင်းလာခဲ့ပြီး ၃ ယောက် ကတော့ အခြေအနေ တည်ငြိမ်နေကြောင်းလည်း ဆိုပါတယ်။

ကဘူးလ်မှ ကီလိုမီတာ ၁၅၀ အကွာရှိ နန်ဂါဟာပြည်နယ်နဲ့ သူ့ရဲ့မြို့တော် ဂျလာလာဘဒ် နောက်ဆက်တွဲငလျင် အသေးစားတွေ ဆက်တိုက် လှုပ်ခတ်နေခဲ့အပြီးမှာ ပျက်စီးဆုံးရှုံးမှု အသေးစိတ် အချက်အလက်တွေကို စုဆောင်းနေတယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေက ပြောကြားပါတယ်။

နောက်ဆက်တွဲငလျင်တခုက ပြင်းအား ရစ်ချ်တာစကေး  ၅ ဒသမ ၄ ရှိပြီး အရှေ့တောင်ဘက် ၁၀ ကီလိုမီတာ အနက်  ၆ ဒသမ ၂ မိုင်မှာ လှုပ်သွားလို့ ဂျာမန် ဘူမိသိပ္ပံ သုတေသနဌာန (GFZ) က ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013