Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်တွင် ငလျင်ကြောင့် သေဆုံးသူ ၁၄၀၀ ကျော် ရှိလာ
DVB
·
September 3, 2025
Photo :Reuters

အာဖဂန်နစ္စတန်နိုင်ငံ ကူနာပြည်နယ် အန်ဒါလာချက်ရွာမှာ သြဂုတ် ၃၁ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စက်တင်ဘာ ၂ ရက်အထိ သေဆုံးသူဦးရေ ၁၄၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။ 

ကယ်ဆယ်နိုင်ခဲ့တဲ့ ဒုက္ခသည်တွေကို ဆေးအဖွဲ့တွေက ကြည့်ရှုစောင့်ရှောက်ခဲ့ကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ စက်တင်ဘာ ၂ ရက်မှာ ဒဏ်ရာရသူတွေကို ဆွဲထုတ် ကုသပေးခဲ့ပါတယ်။ 

ခူနာပြည်နယ်မှာရှိတဲ့ ရွာ ၃ ရွာ ပြိုကျခဲ့ပြီး လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက အပြင်းအထန်ထိခိုက်မိတဲ့ ရွာတွေကနေ ပိုဝေးတဲ့ ရွာတွေဆီ ရွှေ့ပြောင်းသွားလို့ ငလျင်ဘေးသင့်သူ ၄၂၀ ကို လေယာဉ်နဲ့ အကြိမ် ၄၀ ခွဲပြီး ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အာဖဂန်နစ္စတန်အရှေ့တောင်ပိုင်းမှာ ပြင်းအား ၅.၅ ရှိတဲ့ နောက်ထပ်ငလျင်တခု စက်တင်ဘာ ၂ ရက်မှာ လှုပ်သွားခဲ့တာပါ။ အဲဒီဒေသမှာ ငလျင်ကြီးတခု လှုပ်ခတ်ပြီး နှစ်ရက်နီးပါးအကြာမှာ နောက်ထပ် ပျက်စီး ဆုံးရှုံးမှုတွေက စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ 

နောက်ဆက်တွဲငလျင်ကြောင့် တောင်တွေပေါ်ကနေ ကျောက်တုံးတွေ လျှောကျလာလို့ လမ်းတွေ ပြတ်တောက်သွားခဲ့ပါတယ်။ 

အပျက်အစီးတွေကို တူးရင် အန္တရာယ် ဖြစ်စေနိုင်လို့ ထိတ်လန့်တုန်လှုပ်ကြတဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ ရပ်တန့်သွားခဲ့တယ်လို့ အာဖဂန်နစ္စတန် တဝန်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နည်းပညာပလပ်ဖောင်းတခုဖြစ်တဲ့ Aseel နဲ့ လက်တွဲ ဆောင်ရွက်နေတဲ့ ဆာဖီလာ နော်ဇိုင်က ပြောပါတယ်။

တောင်တန်းဒေသဆီ အဖွဲ့တွေလွှတ်ထားတဲ့ နော်ဇိုင်က ဒဏ်ရာရသူ ပိုများလာနိုင်ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ပြောပါတယ်။

ငလျင်ကြောင့် လူ ၁၄၁၁ ထက်မနည်း သေဆုံးပြီး ၃,၁၂၄ ယောက် ဒဏ်ရာရရှိခဲ့သလို အိမ်ခြေ ၅,၄၀၀ ကျော် ပျက်စီးခဲ့တယ်လို့ တာလီဘန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပြောပါတယ်။  

Source:Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024