
ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့အပေါ် ဝေဖန်ခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကို ဟယ်ရီကိန်းက ပြန်လည်တုံ့ပြန်သွားပါတယ်။
ရီယိုဖာဒီနန်နဲ့ ပေါ့ကတ်အစီအစဉ်မှာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ဖြစ်လာနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ပြီး ပထမဆုံးဆုဖလားရဖို့အတွက် မိမိကလေးတွေကိုတောင် အတင်းအကျပ် ကျောင်းပြောင်းရွှေ့စေတာက အရူးတယောက်ရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း အိုဝင်က ဝေဖန်ခဲ့ပါတယ်။
အဲဒီအပေါ် ဟယ်ရီကိန်းက ပြန်လည်တုံ့ပြန်ခဲ့ပြီး အိုဝင်ဟာ အင်္ဂလန်နဲ့ ပရီးမီးယားလိဂ်မှာ သူရဲကောင်းတယောက် ဖြစ်ခဲ့လို့ လေးစားမှုရှိပေမဲ့ ကစားသမားတိုင်းမှာ မတူညီတဲ့ဖြတ်သန်းမှုနဲ့ ဆုံးဖြတ်ချက်တွေရှိကြောင်း ပြောပါတယ်။
လူတိုင်းက ကိုယ့်အမြင်ကို ပြောခွင့်ရှိပြီး မိုက်ကယ်အိုဝင်နဲ့ အချိန်အနည်းငယ် ဖြတ်သန်းဖူးပေမဲ့ သူ့အကြောင်း အများကြီး မသိရှိကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။
ကိန်းဟာ ပရီးမီးယားလိဂ်ဂိုး ၂၁၃ ဂိုး သွင်းခဲ့ပြီး အလန်ရှီးယားရဲ့ စံချိန်ကို လိုက်မီဖို့ ၄၈ ဂိုးပဲ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။