
နော်တင်ဟမ်ဖောရက်စ်နည်းပြ နူနိုဆန်းတို့စ်ဟာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။
မနှစ်က အသင်းကို ဥရောပဖလား ဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ပေါ်တူဂီနည်းပြဟာ အသင်းရဲ့ အပြောင်းအရွှေ့မူဝါဒအပေါ် လူသိရှင်ကြား ဝေဖန်ခဲ့ပြီး အသင်းပိုင်ရှင်နဲ့လည်း ဆက်ဆံရေး တင်းမာခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
နော်တင်ဟမ်ဘက်ကလည်း နည်းပြ နူနိုဆန်းတို့စ်ဟာ အသင်းရာထူးကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်း၊ အလွန်အောင်မြင်တဲ့ ဘောလုံးရာသီဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြ ဆန်းတို့စ်အပေါ် ကျေးဇူးတင်ရှိကြောင်းနဲ့ အသင်းရဲ့သမိုင်းမှာ အမြဲတမ်း အမှတ်ရနေမှာဖြစ်ကြောင်း ထုတ်ပြန်သွားပါတယ်။
လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ဖူဟမ်နည်းပြ မာကိုဆေးလ်ဗား အပါအဝင် ဘီလ်ဘာအို အသင်းက ဘာစီလိုနာနည်းပြဟောင်း ဗယ်ဗာဒီကိုလည်း ချိတ်ဆက်နေတယ်လို့ သိရပါတယ်။