Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဗဟိုတရားရုံးက ထောင်ဒဏ် ၁ နှစ်ချမှတ် 
DVB
·
September 9, 2025
သက်ဆင်အား ဘန်ကောက်အကျဉ်းထောင်သို့ ပြန်လည်ခေါ်ဆောင်စဉ်

ဘီလီယံနာသူဌေးကြီး  ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို နိုင်ငံရေးသမားများဆိုင်ရာ ထိုင်းဗဟိုတရားရုံးချုပ်က စက်တင်ဘာ ၉ ရက် မနက်မှာ ထောင်ဒဏ် တနှစ် စီရင်ချက် ချမှတ်လိုက်ပါတယ်။

သက်ဆင်ရှင်နာဝပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အကျဉ်းသားဘဝက ကျန်းမာရေးအမှန်တကယ် ဆိုးရွားမှုမရှိဘဲ ရဲဆေးရုံ (ပြင်ပဆေးရုံ) အထပ် ၁၄ အထူးစပါယ်ရှယ် လူနာခန်းမှာ တက်ရောက်ကုသမှုနဲ့ တရားစွဲခံထားရတာမှာ ဒီမနက် ၁၀ နာရီမှာတော့ နိုင်ငံရေးသမားများဆိုင်ရာ ထိုင်းဗဟိုတရားရုံးချုပ်က သူ့ကို ပြစ်မှုထင်ရှားကြောင်း စွပ်စွဲချက်နဲ့ ထောင်ဒဏ်တနှစ် စီရင်ချက် ချမှတ်လိုက်တာပါ။

အဆိုပါ ထောင်ဒဏ်တနှစ်ထဲမှာ နာလန်ထ အားယူချိန် ရက်ပေါင်း ၁၂၀ ကို ထည့်တွက်ခြင်းမရှိဘဲ စီရင်ချက်ချပြီးတာနဲ့ တာဝန်ရှိသူတွေက တရားရုံးမှာ လာရောက်ကြားနာတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖမ်းချုပ်လိုက်ပြီး ဗဟိုဘန်ကောက်အကျဉ်းထောင်ဆီ ခေါ်ဆောင်သွားလိုက်ပြီလို့  Thai PBS သတင်းမှာ ဖော်ပါတယ်။

သူဟာ  ဝရမ်းပြေးဘဝနဲ့  နိုင်ငံခြားမှာ ၁၅ နှစ်ကျော် တိမ်းရှောင်နေရပြီး သူ တည်ထောင်ခဲ့တဲ့ ဖွေ့ထိုင်းပါတီ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် ပြစ်မှုတွေခံယူဖို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က အမိမြေ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပါတယ်။

ထိုစဉ်က နိုင်ငံရေးသမားများဆိုင်ရာတရားရုံးက သူ့ရဲ့အမှုကို စီရင်ပြီး ထောင်ဒဏ် ၈ နှစ်ကနေ တနှစ်ထိ လျှော့ပေါ့ပေးခဲ့တယ်။ ဒါပေမဲ့ သူဟာ ထောင်ထဲမှာ ၂၄ နာရီပြည့်အောင်တောင် မနေဘဲ ကျန်းမာရေးမကောင်းလို့ ဆိုပြီး အကျဉ်းထောင်ဆေးရုံကနေ  ညတွင်းချင်း ပြင်ပဆေးရုံ (ရဲဆေးရုံ) ကို ပြောင်းရွှေ့ကုသခဲ့တယ်။

သူယူထားတဲ့ လူနာခန်းမှာ ရဲဆေးရုံရဲ့  ၁၄ လွှာမှာရှိပြီး အထူးအရေးပါတဲ့ စပါယ်ရှယ် လူနာတွေသာ ထားရှိတယ်။ သူ နိုင်ငံခြားကပြန်လာပြီး လေဆိပ်မှာ သွားရောက်ကြိုဆိုသူ မိသားစုဝင်နဲ့ ပြည်သူတွေကို ကျန်းမာရွှင်လန်းစွာ နှုတ်ဆက်နေပေမဲ့ ထောင်ထဲရောက်မှ ရုတ်တရက် နေမကောင်းဖြစ်၊ ရောဂါမျိုးစုံဝင်ရောက်လာပြီး အထူးဆေးရုံ အထူးလူနာခန်းမှာ နေထိုင်ရတဲ့အပေါ်  လူ့အခွင့်အရေးအဖွဲ့နဲ့ ပြည်သူတချို့က သံသယရှိပြီး လူနာအခြေအနေ ပွင့်လင်းမြင်သာချပြဖို့ ဆေးရုံမှာ သွားပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ ဆရာဝန်တွေက လူနာနဲ့ပတ်သက်တဲ့ အကြောင်းအရာမှာ ဆေးဘက်ဆိုင်ရာကျင့်ဝတ်အရ ပြင်ပကို ထုတ်ဖော်ပြောကြားခွင့် မရှိကြောင်း ပြောဆိုလို့ ဆန္ဒပြသူတွေ မကျေမနပ်ဖြစ်ပြီး စုံစမ်း စစ်ဆေးဖို့ ဒီမိုကရက်ပါတီ နခွန်းနားယုဒ်လွှတ်တော်အမတ်‌ဟောင်း နိုင်းချန်းချိုင်း အီစလဆေနားရတ်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေအချို့က တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲဆေးရုံက ဆရာဝန် ၄ ယောက်လည်း ဆေးကုသခွင့်လိုင်စင် ပိတ်သိမ်းခံခဲ့ရပါတယ်။

စက်တင်ဘာ ၄ ရက်က စင်ကာပူမှာ ဆေးစစ်ဖို့ ချိန်းထားတယ်ဆိုပြီးတော့ ဘန်ကောက်ကနေ ထွက်ခွာခဲ့တဲ့ သက်ဆင်ဟာ ဒူဘိုင်းကို လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် “သက်ဆင်ပြေးပြီ” လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ဘန်ကောက်လေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုတွေ ကြန့်ကြာနေတာကြောင့် စင်ကာပူမှာ ကိုယ်ပိုင်လေယာဉ် ဆင်းသက်ခွင့်ပြုတဲ့အချိန် ကျော်သွားလို့  ဒူဘိုင်းကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရတာဖြစ်ပြီး အမှုရင်ဆိုင်ဖို့ ပြန်လာမယ်လို့  ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က တုံ့ပြန်ခဲ့ပါတယ်။

ဒီနောက် ကတိပေးထားတဲ့အတိုင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ စက်တင်ဘာ ၈ ရက်မှာ ဘန်ကောက်ကို ပြန်လည်ရောက်ရှိလာပြီး  တရားရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Thai PBS/ Nation TV

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013