
ဘုရားကျောင်းမှာ ဆယ်စုနှစ်များစွာကြာအောင် ကလေးလိင်အလွဲသုံးစားပြုမှုတွေကို ဖုံးကွယ်ထားမှုအတွက် စပိန် ဂျက်ဆုအစ် ဘုန်းတော်ကြီး ၂ ယောက်ကို ဘိုလီးဗီးယား တရားရုံးက စက်တင်ဘာ ၂ ရက်မှာ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့ပါတယ်။
ခရစ်ယာန် ဘုန်းကြီးတွေဖြစ်တဲ့ အသက် ၈၁ နှစ်အရွယ် မားကို့စ် ရေကိုလွန်စ် နဲ့ အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ရေမွန် အက်လေးတို့ဟာ ဘိုလီးဗီးယားနိုင်ငံရဲ့ ကက်သလစ် ဂျက်ဆုအစ် အသင်းရဲ့ အဆင့်မြင့်အဖွဲ့ဝင်တွေအပေါ် ရာဇဝတ်မှုဆိုင်ရာ တရားစွဲခြင်းကို ထင်ရှားစေခဲ့ပါတယ်။
အလွဲသုံးစားမှုဖြစ်ချိန်မှာ သူတို့ ၂ ယောက်ဟာ ဘိုလီးဗီးယားမှာ အသင်းတော်ကို ဦးဆောင်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက စောဒကတက်ခဲ့ပါတယ်။
ကလေးလိင်အလွဲသုံးစားပြုခဲ့တဲ့ ဘုန်းကြီး အယ်လ်ဖွန်စို ပေဒရာဟာ့စ်နဲ့ ပတ်သက်တဲ့ စွဲချက်တွေကို သူတို့က သိထားပေမဲ့ ရဲတပ်ဖွဲ့ဆီ အစီရင်ခံဖို့ ပျက်ကွက်ခဲ့တယ်လို့ တရားစွဲဆိုချက်အရ သိရပါတယ်။
၂၀၂၃ ခုနှစ်မှာ သေဆုံးခဲ့တဲ့ ဘုန်းကြီး ပေဒရာဟာ့စ်ရဲ့ ဒိုင်ယာရီတစောင်ကို ထုတ်ဝေခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှာ ဒီအမှု ပေါ်ပေါက်လာခဲ့တာပါ။
၁၉၇၂ ကနေ ၂၀၀၀ ပြည့်နှစ်အတွင်း အရွယ်မရောက်သေးသူ ၈၅ ဦးကို လိင်အလွဲသုံးစားလုပ်ခဲ့ပြီး အများစုမှာ ထင်ရှားသော ဘော်ဒါဆောင်ကျောင်းမှာ ပညာသင်ဆုရတဲ့ ဒေသခံ တိုင်းရင်းသား ကျောင်းသားတွေ ဖြစ်တယ်လို့ ဒိုင်ယာရီထဲမှာ ရေးသားခဲ့ပါတယ်။
ဒိုင်ယာရီရေးသွင်းချက်တွေကြောင့် နိုင်ငံတကာမှာ ဒေါသထွက်ခဲ့ကြပြီး လက်တင်အမေရိကတဝန်း ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု အရှုပ်တော်ပုံတွေမှာ ကက်သလစ်ချာ့ခ်ျရဲ့ တာဝန်ခံမှုနဲ့ပတ်သက်ပြီး အချေအတင် ဆွေးနွေးပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။
စက်တင်ဘာ ၂ ရက်နေ့မှာ တရားသူကြီးက တရားခံတွေကို ကိုချာဘမ်ဘာမြို့က ဆမ် ဆေဘက်စ်စတီယံ အကျဉ်းထောင်မှာ ထောင်ဒဏ် တနှစ်ကျခံဖို့ အမိန့်ပေးခဲ့ပြီး တရားရုံးစရိတ်တွေ နိုင်ငံတော်ကို ပေးဆောင်ဖို့နဲ့ သေဆုံးသူတွေကို လျော်ကြေးပေးဖို့ စီရင်ချက်ချခဲ့ပါတယ်။
တရားရုံးစီရင်ချက်ထဲမှာ တရားခံတွေကို စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူဖို့လည်း ပါဝင်ခဲ့ပါတယ်။
Source: Reuters