Home
မြန်မာသတင်း
ကျောင်းသား ၁၇ ဦးအား အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းအုပ်ကို ထောင်ဒဏ်အနှစ် ၄၀ ချမှတ်
DVB
·
August 1, 2025

ပဲခူးမြို့၊ မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲမှာ ကျောင်းသား ၁၇ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းအုပ်ကြီး ဦးသက်ဇော်အောင်ကို ဇူလိုင် ၃၀ ရက်က ပဲခူးခရိုင် တရားရုံးက ထောင်ဒဏ်အနှစ် ၄၀ အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

လိင်တူသက်ငယ်မုဒိမ်းကျင့်မှုသံသယနဲ့ ဇန်နဝါရီ ၂၃ ရက်မှာ ရဲတွေက ဖမ်းဆီးစစ်ဆေးခဲ့ပြီး ပုဒ်မ ၃၇၇ နဲ့ ပဲခူးခရိုင်တရားရုံးကို တရားစွဲဆိုတင်ပို့ခဲ့ရာ ၆ လတာ စစ်ဆေးပြီးနောက် ဇူလိုင် ၃၀ ရက်က အမှု ၁၇ မှုအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“ပုဒ်မ ၃၇၇ မှာက လိင်တူဆက်ဆံရင်၊ လိင်တူမုဒိမ်းကျင့်ရင် ထောင်ဒဏ် ၁၀ နှစ်ကနေ တသက်တကျွန်းအထိ အမိန့်ချလို့ရတယ်။ အခုက အမှု ၁၇ မှုအတွက် ပေါင်းပြီး အမိန့်ချလိုက်တာ။”

မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ကြီး ဦးသက်ဇော်အောင်မှာ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ကျောင်းသား ၁၇ ယောက်ကို ကျောင်းနဲ့ နေအိမ်မှာ အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး ဇန်နဝါရီ ၂၀ ရက်မှာ မိဘတွေက ရဲတွေကို တိုင်ကြားခဲ့တာကြောင့် ဇန်နဝါရီ ၂၃ ရက်မှာ ဖမ်းဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၃၀ ရက်ကလည်း ပဲခူးခရိုင်တရားရုံးမှာ ၇ တန်းကျောင်းသားလေးကို ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့တဲ့ တရားခံ အောင်ကျော်ဇောနဲ့ ဟိန်းလတ် (ခ) အောင်ဟိန်းတို့ ၂ ယောက်ကို ပုဒ်မ ၃၆၄ အရ ထောင်ဒဏ်အနှစ် ၂၀ နဲ့ ပုဒ်မ ၃၀၂(၁)(ခ) အရ မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချခဲ့တာလည်း ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အတွင်း မုဒိမ်းမှု ၁,၂၆၀ ရှိခဲ့ပြီး အဲဒီထဲမှာ သက်ငယ်မုဒိမ်းမှု ၇၂၂ မှု ပါဝင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013